Saturday, March 15, 2014

နိုင်ငံရေး ဆွေးနွေးရန် UNA နှင့် UNFC တို့ အခြေခံ ဥပဒေ မူကြမ်း ပူးပေါင်း ရေးဆွဲ

မွခေါဝ်

ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ အစိုးရ အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ပူးပေါင်း ရေးဆွဲလျက် ရှိကြောင်း သိရှိ ရသည်။

“အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကိုယ့်လက်ထဲမှာ အသင့်ရှိနေဖို့အတွက်ပါ။ ကြိုတင်ပြင်ဆင်မှု ပေါ့။ မပြီးသေးဘူး။ ဆက်ရေးနေတုန်းဘဲ” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် က ပြောပါသည်။

UNA နှင့် UNFC တို့ အစိုးရနှင့် နိုင်ငံရေး ပူးပေါင်းဆွေးနွေးရန် သဘောတူထားသော်လည်း ပြည်သူ လူထုအား အသိပေး၊ လူထုဆန္ဒ ကောက်ခံရယူပြီးမှသာ ဆွေးနွေးမည်ဟု စိုင်းညွှန့်လွင်က ပြောပါ သည်။

UNA အဖွဲ့မှ ခွန်ထွန်းဦး၊ နိုင်ငွေသိန်း၊ ဦးအေးသာအောင်၊ စိုင်းညွှန့်လွင်၊ စိုင်းဖိုးအောင်တို့ ဦးဆောင် သောအဖွဲ့နှင့် ခွန်ဥက္ကာ၊ နိုင်ဟံသာ၊ ဆွေမျိုးသန့်၊ ဦးထွန်းဇော်၊ အားခေါန်တို့ ဦးဆောင်သည့် UNFC မှအဖွဲ့တို့ ယမန် နေ့(မတ်ခ်ျလ ၁၂ ရက်က) ရန်ကုန်မြို့ ပြည်လမ်း ကိုးမိုင်ရှိ ခွန်ထွန်းဦး၏ နေအိမ်၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် UNFC ဖက်မှ လိုင်ဇာဆွေးနွေးပွဲအကြောင်း၊ လော်ခီးလာဆွေးနွေးပွဲအကြောင်း၊ ဂျန္နဝါရီ လ ၂၉−၃၀ ရက် ချင်းမိုင်နှင့် မတ်ခ်ျလ ၉−၁၀ ရက်ရန်ကုန်တို့တွင် MPC နှင့် ဆွေးနွေးခဲ့မှု များကို ပြန်လည်ရှင်းလင်းပြောပြသည်ဟု ဆိုပါသည်။

No comments: