Saturday, March 15, 2014

ဘာသာရေး ထိခိုက်မှုမရှိအောင် သင်္ကြန်သံချပ်များ စိစစ်ခြင်းဖြစ်ဟု ရန်ကုန် နယ်/လုံ ၀န်ကြီးပြော

ဇော်ဇော်ထွေး

သင်္ကြန်သံချပ်များ စိစစ်ရေးကော်မတီသို့ တင်ပြစေခြင်းသည် သံချပ်ပါအကြောင်းအရာများကို ကန့်သတ် ပိတ်ပင်လို၍ မဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဘာသာရေးထိခိုက်မှုများမရှိစေရန် ကြို တင်ညှိနှိုင်းပြင်ဆင်လိုခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က မတ် ၁၂ ရက်တွင် ပြောသည်။

သင်္ကြန်သံချပ်များ စိစစ်ရေးကော်မတီထံ တင်ပြစေခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိနေသည့် အပေါ် ၀န်ကြီးက မီဒီယာအချို့နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ဟာတွေ၊ လက်ရှိဖြစ်ပျက်နေတဲ့ဟာတွေ သံချပ်ထဲထည့်ပြော တာကို ကန့်သတ်မှာ မဟုတ်ပါဘူး။ အဓိကက ဘာသာရေးတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအ တွက် ထိခိုက်နိုင်တဲ့စာလုံးတွေ ပါသွားမှာစိုးလို့ စိစစ်ခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြော သည်။

ထို့အပြင် ပြည်သူများ၏ လွတ်လပ်ခွင့်ကို ပိတ်ပင်သွားမည်မဟုတ်ဘဲ လက်ရှိဖြစ်ပျက်နေသည့် အစိုးရ အပေါ် ဝေဖန်အကြံပြုချက်များကို လက်ခံသွားမည်ဟု ဆိုသည်။

သို့သော် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း မဟာသင်္ကြန်သီချင်းနှင့် သံချပ်စိစစ်ရေးကော်မတီက တင် ပြလာသည့် သံချပ်များအပေါ် ဖြတ်တောက်ခြင်းများရှိခဲ့သည်ဟု သံချပ်ထိုးသည့်အဖွဲ့များက ဆိုသည်။

“ကျွန်တော်တို့ သံချပ်ညီအစ်ကိုတွေရဲ့ သဘောထားနဲ့အတူတူပါပဲ။ ဆင်ဆာမတင်ပါဘူး။ ကျွန်တော်တို့ သင်္ကြန်သံချပ်တင်ဆက်မှုရဲ့နောက်မှာ ဘာရိုက်ခတ်မှုမှ ဘာပြဿနာမှမရှိပါဘူး။ ကျွန်တော်တို့မှာ ဘက် လိုက်မှုမရှိပါဘူး။ ပြည်သူအတွက် လိုအပ်တယ်ထင်တဲ့ သံချပ်တွေ ရေးထားပါတယ်။ သူတို့စိုးရိမ်တဲ့ အချက်တွေ တစ်ခုမှ မပါပါဘူး။ ခွာပြဲနေရင်တောင် သင့်မြတ်အောင် လုပ်ဖို့ရှိပါတယ်”ဟု မောင်မောင်ဆို လေ ထီးရိုးရှည်သံချပ်အဖွဲ့မှ ဦးဒီဥက္ကာက ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း သင်္ကြန်သံချပ်စိစစ်ရေးကော်မတီက နိုင်ငံရေးနှင့်ပတ်သက်သည့် သံချပ်စာသားများ အား ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အချို့သံချပ်များတွင် ၈၀ ရာခိုင်နှုန်းခန့်အထိ ဆင်ဆာဖြတ် တောက်ခံရခြင်းများ ရှိခဲ့သည်ဟု သံချပ်အဖွဲ့အချို့က ဆိုသည်။

“ဒီမိုကရေစီစစ်ရင်တော့ ဒီဆင်ဆာတို့ ဘာတို့ဆိုတာတွေ မရှိသင့်တော့ပါဘူး။ မစစ်ဘူးဆိုရင်တော့ရှိမှာ။ ဒီမိုကရေစီစစ်တယ် မစစ်ဘူးဆိုတာတော့ လက်ရှိ အုပ်ချုပ်သူတွေပေါ်မှာ မူတည်ပါတယ်” သင်္ကြန်သံ ချပ်များထိုးနေသည့် လူရွှင်တော်သရုပ်ဆောင် ဗေလုဝက ဆိုသည်။

ထို့ပြင် ယခုနှစ် သင်္ကြန်ကာလအတွင်း စိစစ်ရေးမတင်သော သံချပ်များတွင် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ ဘာသာရေး ထိခိုက်စေသော အသုံးအနှုန်းများနှင့် ညစ်ညမ်းအသုံးအနှုန်းများ ပါရှိပါက တရား စွဲအရေးယူသွားမည်ဟုလည်း ၎င်းက ပြောခဲ့သည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင် စိစစ်ရေးအဖွဲ့သို့ တင်ပြသည့် သံချပ်အဖွဲ့ ၆ ဖွဲ့ခန့်ရှိပြီး စိစစ်ရေးမတင် သည့် သံချပ်များလည်း ရှိခဲ့သော်လည်း ဘာသာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည့်အချက် များ ပါရှိခြင်းမရှိသဖြင့် အရေးယူခြင်းမပြုလုပ်ခဲ့ဟု ၀န်ကြီးက ပြောခဲ့သည်။

No comments: