Tuesday, March 18, 2014

သြစီနဲ့ မြန်မာ ကုန်သွယ်စီးပွားရေး လက်မှတ်ထိုး

ABC

သြစတြေးလျ-မြန်မာ ​ကုန်သွယ် ​စီးပွားရေး ​AMCC ​အဖွဲ့နဲ့ ​မြန်မာစက်မှုလုပ်ငန်းရှင်များအသင်း ​UMFCCI ​တို့အကြား ​မနေ့တုန်းက ​သဘောတူညီမှု ​စာချွန်လွှာ ​လက်မှတ်ရေးထိုးပွဲ ​ပြုလုပ်ခဲ့ကြပါတယ်။

သြစတြေးလျနိုင်ငံက ​စီးပွားရေးသမားတွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှု ​လုပ်မယ်ဆိုရင် ​သတိနဲ့ ​လုပ်ကိုင်ဖို့ ​Austrade ​လို့ခေါ်တဲ့ ​သြစတြေးလျနိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီးဌာနက ​သတိပေးထားတဲ့ကြားကပဲ ​သြစတြေးလျ ​စီးပွားရှင်နဲ့ ​မြန်မာစီးပွားရှင်တွေအကြား ​လက်မှတ်ရေးထိုးခဲ့ကြတာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံမှာ ​အခုကစပြီး ​ရင်းနှီးမြုပ်နှံမှုတွေ ​မလုပ်ရင် ​နောက်ကျ ​ကျန်ရစ်မှာ ​ဖြစ်တယ် ​လို့လည်း ​Australia-Myanmar ​Chamber ​of ​Commerce ​အဖွဲ့ ​ဥက္ကဌ ​Glen ​Robinson ​က ​ပြောလိုက်ပါတယ်။

နိုင်ငံတကာက ​ကဏ္ဍစုံ ​လုပ်ငန်းတွေ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှု ​လုပ်နေကြပေမယ့် ​သြစတြေးလျနိုင်ငံက ​ဝင်ရောက်မှု ​နည်းပါးသေးတယ်လို့ ​Australia-Myanmar ​Chamber ​of ​Commerce ​အဖွဲ့ဥက္ကဌ ​Glen ​Robinson ​က ​ပြောသွားခဲ့ပါတယ်။

ဒါကြောင့် ​မြန်မာနိုင်ငံမှာ ​ဥပဒေ ​အပြောင်းအလဲတွေ ​ဖြစ်လာဖို့ ​မစောင့်တော့ပဲ ​သြစတြေးလျ ​ကုမ္ပဏီတွေအနေနဲ့ ​ခုကတည်းက ​ဝင်ရောက်ကြဖို့လိုကြောင်း၊ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံတာဟာ ​တခြားအာစီယံဒေသတွင်းက ​နိုင်ငံတွေမှာ ​ရင်းနှီးမြုပ်နှံသလိုပဲ ​ပုံစံတူကြောင်း ​ပြောပါတယ်။

သြစတြေးလျနိုင်ငံဟာ ​သယံဇာတထုတ်ယူရေးလုပ်ငန်းမှာ ​အတွေ့အကြုံရှိတဲ့နိုင်ငံ၊ ​ပြီးတော့ ​သဘာဝပတ်ဝန်းကျင်နဲ့ ​ညီအောင် ​ထုတ်လုပ်နိုင်တဲ့ ​အတတ်ပညာတွေရှိတဲ့အတွက် ​မြန်မာနိုင်ငံ ​သယံဇာတလုပ်ငန်းမှာ ​လုပ်ကိုင်သင့်သလို ​ပညာရေးလုပ်ငန်းမှာလည်း ​ရင်းနှီးမြုပ်နှံမှုတွေ ​လုပ်ဖို့သင့်တယ်လို့လည်း ​ပြောပါတယ်။

မြန်မာစက်မှုလုပ်ငန်းရှင်များအသင်းဟာ ​မြန်မာအစိုရက ​ယုံကြည်စိတ်ချရတဲ့ ​အဖွဲ့အစည်းဖြစ်တဲ့အတွက် ​သြစတြေးလျ ​စီးပွားရှင်တွေအနေနဲ့ ​ခုလို ​အသင်းနဲ့ ​ပူးတွဲလုပ်ကိုင်ခြင်းအားဖြင့် ​ယုံကြည်သက်ဝင်မှု ​ဂုဏ်တွေ ​ပိုမိုရရှိစေမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

မနေ့က ​ပြုလုပ်ခဲ့တဲ့ ​သဘောတူညီမှု ​စာချွန်လွှာ ​လက်မှတ်ရေးထိုးပွဲကို ​နှစ်နိုင်ငံက ​စီးပွားရှင်တွေအပြင် ​သြစတြေးလျ ​သံအမတ်လည်း ​တက်ရောက်ခဲ့ပါတယ်။

ခုလောလောဆယ် ​သြစတြေးလျနိုင်ငံက ​မိုင်းတွင်းလုပ်ငန်းရှင်တွေ၊ ​ရေနံနဲ့ ​သဘာဝဓာတ်ငွေ့ ​လုပ်ငန်းရှင်နဲ့ ​ဘဏ်လုပ်ငန်းရှင် ​ကိုယ်စားလှယ် ​အယောက် ​၂၀ ​လောက် ​မြန်မာနိုင်ငံမှာ ​လေ့လာရေးတွေ ​ပြုလုပ်နေကြကြောင်းလည်း ​မခင်မာဝင်းက ​ရန်ကုန်မြို့ကနေ ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: