Tuesday, March 18, 2014

ဧရာဝတီမြစ်ကြောင်းထိန်း လုပ်ငန်းခွင်တွင် လုပ်အားခနှိမ်ပြီး လုပ်သားဦးရေ ပိုတင်ပြနေဟုဆို

ရေခဲ(ပြည်)

နေ့စားအလုပ်သမားများအသုံးပြုနေသည့် ပဲခူးတိုင်းပြည်မြို့နယ် မြရွာကျေးရွာအနီး ဧရာဝတီမြစ်ကြောင်း ထိန်းလုပ်ငန်းခွင်ရှိ လုပ်သားများ လုပ်အားခနည်းနေသည့်အပြင် အလုပ်သမားစာရင်းများ ပိုမိုတင်ပြမှုရှိ နေသည်ဟု အဆိုပါအလုပ်သမားအရေး ၀င်ရောက်ဆောင်ရွက်ပေးသူ မြရွာကျေးရွာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းဇော်က ဝေဖန် ပြောကြားသည်။

လုပ်ငန်းခွင်ဆယ့်သုံးရက်ပြည့်သည့်နေ့ မတ်လ ၁၄ ရက်တွင် လုပ်အားခငါးရာကျပ် တိုးပေးခဲ့သဖြင့် နေ့ စားအမျိုးသားတစ်ဦးလျှင် ကျပ် ၃,၀၀၀ နှင့် အမျိုးသမီးတစ်ဦးလျှင် ကျပ်၂,၅၀၀ ရနေသော်လည်း လုပ် အားခနည်းနေသည်ဟု ၎င်းက ဆိုသည်။

“လုပ်ငန်းစလို့ ဆယ့်သုံးရက်ပြည့်တဲ့အချိန်ကျမှ ငါးရာတိုးပေးသွားတာ။ သူတို့ပေးတဲ့ငွေက ဘာမှလုပ်မရ ဘူး။ အပြင်မှာ ပန်းရံအကြမ်းလုပ်ရင်တောင် လေးထောင်ရတယ်”ဟု ဦးသန်းဇော်က ပြောသည်။

ထို့အပြင် အလုပ်သမားငါးဆယ်ကျော်သာအသုံးပြုသည့် အဆိုပါလုပ်ငန်းခွင်တွင် အလုပ်သမားရှစ်ဆယ် ရှိသည်ဟု စာရင်းပြထားသဖြင့် လုပ်အားခငွေများ ပိုမိုတင်ပြတောင်းခံမှုများရှိသည်ဟု ၎င်းက ထောက် ပြခဲ့သည်။

“လူအပေါ်မှာလည်း စားတယ်။ လုပ်အားခမှာလည်း စားသေးတယ်”ဟု ဦးသန်းဇော်က ပြောသည်။

ယင်းသို့ ဝေဖန်ပြောကြားချက်များနှင့်ပတ်သက်ပြီး မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ဝင် ဒု-လက် ထောက်အင်ဂျင်နီယာ ဦးဇော်လင်းထိုက်က အလုပ်သမားများကို ဒေသပေါက်ဈေး၊ လုပ်ငန်းခွင်ပြီးစီးမှု အပေါ်မူတည်၍ လုပ်ခရှင်းပေးခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

နေ့စားလုပ်အားခ တိုးပေးပါက ကျွမ်းကျင်အလုပ်သမားများသာ အသုံးပြုရမည်ဖြစ်သဖြင့် ဒေသခံအလုပ် သမား ၄၀ ကိုသာ အလုပ်ပေးနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

“ရွာကလူတွေက နားမလည်သေးဘူး၊ သင်လုပ်အဆင့်တွေ၊ ကျွမ်းကျင်တဲ့လူဆိုရင်တော့ သုံးထောင့်ငါး ရာအထိ ပေးနိုင်မယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင် သန်သန်မာမာ အယောက်လေးဆယ်လောက်ဘဲ ရွေး သုံးမယ်”ဟု ပြောသည်။

အဆိုပါ မြရွာကျေးရွာ မြစ်ကြောင်းထိန်းလုပ်ငန်းခွင် အမျိုးသားအလုပ်သမားများမှာ ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းရှိ လုပ်ငန်းခွင်တွင် ထရံရွက်၊ မျောထမ်း၊ သဲအိပ်သည်လုပ်ငန်းများ လုပ်ကိုင်ရပြီး အမျိုးသမီး များမှာ ဧရာဝတီမြစ် အနောက်ဘက်ကမ်း စစ်တ၀င်းကျေးရွာအနီးတွင် သဲကျုံး၊ ဂေါ်ထိုး၊ သဲရွက် စသည့် အလုပ်ကြမ်းများကို တစ်နေ့ အလုပ်ချိန်ရှစ်နာရီကြာ လုပ်ကိုင်ရသည်ဟုလည်း ဒေသခံလုပ်သားများက ပြောသည်။

လုပ်သားစာရင်းများ ပိုမိုတွက်ခြင်းနှင့်ပတ်သက်၍ ဦးဇော်လင်းထိုက်က “အဲဒါမဟုတ်ဘူး၊ ခြောက်ဆယ်နဲ့ ရှစ်ဆယ်ကြား ရှိပါတယ်၊ ရွာကလူတစ်ယာက် (ကိုသိန်းဝင်း)လက်ထဲမှာ စာရင်းရှိပါတယ်”ဟု ဆိုသည်။

ပြည်မြို့အထက် မြရွာအနီး ရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ သဲအိပ်စီ သဲမွေ့ရာအုပ်ခြင်း ရေကာ ၁၃၀ ပေ ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ဌာနမှ အလုပ်သမားစရိတ် ကျပ်သန်း ၁၅၀ ချထားပေးပြီး လုပ်ငန်းခွင် ၅၀ ရာနှုန်း ပြီးစီးသည့်အချိန် မတ်လ ၁၅ ရက်အထိ ငွေကျပ်သိန်းခြောက်ဆယ် အသုံးပြုပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

No comments: