Monday, March 17, 2014

အခြေခံဥပဒေကို အသစ်ရေးရန် ကျောင်းသားတပ်မတော် လိုလား

အေးမြင့်စန်း၊ ကြယ်ပြာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF (ကျောင်းသား တပ်မတော်)က ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲလိုဟု ABSDF၏ ဥက္ကဋ္ဌ ဦးသံခဲက ပြောသည်။

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်ရေးတို့ကို ဦးတည်ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အသစ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးသည် ကျောင်းသားတပ်မတော်၏ အဓိကဦးတည်ချက်ဖြစ်သည်ဟု မတ်၁၅ရက်တွင် ပြုလုပ်သည့် ကျောင်းသားတပ်မတော်(ABSDF)၏ ဒဿမအကြိမ် ညီလာခံပိတ်ပွဲ အခမ်းအနား၌ပြောလိုက်ခြင်းဖြစ်သည်။

ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဦးသံခဲက “၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားနေရင် နိုင်ငံရေးအကျပ်အတည်းတွေ ဆက်ရှိနေဦးမှာပဲ။ ၂ဝဝ၈ဖွဲ့စည်းပုံက တိုင်းရင်းသားလိုလားတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူးဆိုတာ အတိအလင်းပြောတယ်” ဟုပြောသည်။

အစိုးရနှင့်တွေ့ဆုံဆွေးနွေးသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ကျောင်းသားတပ်မတော်သည် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲနိုင်ရေးကို အမြဲမပြတ်ဆွေးနွေးသွားမည်ဟု ဆိုသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကို NLDအပါအဝင် နိုင်ငံရေးပါတီ အများစုက လွှတ်တော်တွင်း ကြိုးပမ်းနေသော်လည်း လွှတ်တော်တွင်း၌ အင်အားကြီး ပါတီကြီးတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် စစ်တပ်သဘောထား မပါဘဲ ပြင်ဆင်ခွင့်ကို ဆုံးဖြတ်နိုင်သည့် အနေအထားမရှိဟု ကျောင်းသားတပ်မတော်(ABSDF) ဒဿမအကြိမ် ညီလာခံက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကျောင်းသားတပ်မတော်အနေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အာမခံချက်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်နိုင်ရေးနှင့် တန်းတူအခွင့်ရေးပေးသည့် အုပ်ချုပ်မှုစနစ်များပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း တွေ့ဆုံဆွေးနွေးနေခြင်းသည် လွှတ်တော်ပြင်ပကနေ ဖွဲ့စည်းပုံရေးဆွဲနိုင်ရေးကို ကြိုးပမ်းနေခြင်းသာဖြစ်သည်ဟု ကျောင်းသားတပ်မတော် ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းကပြောသည်။

ဒု-ဥက္ကဋ္ဌဦးမျိုးဝင်းက “ နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ခြင်း၊ တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် လွှတ်တော်ပြင်ပကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းသာဖြစ်တယ်။ လွှတ်တော်ပြင်ပက နိုင်ငံရေးသဘောတူညီချက် အားလုံးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရမယ်” ဟုပြောသည်။

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်းရေး အကောင်အထည်ဖော်မှု ကော်မတီတစ်ရပ်ကို လွှတ်တော်ကိုယ်စား လှယ် ၃၁ဦးဖြင့် ဖေဖော်ဝါရီလ ၃ရက်က ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီအနေဖြင့် ၎င်း၏ လုပ်ငန်းတာဝန်များကို လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပြင်ဆင်သင့်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားထားသည်။

ABSDF၏ ဒဿမအကြိမ် ညီလာခံကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ဒေါင်းတမန်စခန်းတွင် မတ်လ ၇ရက်မှ ၁၅ရက်အထိ ကျင်းပခဲ့သည်။

No comments: