Sunday, March 9, 2014

လူငယ် အိုင်တီပညာရှင်များ ကဏ္ဍစုံသိရှိမှု အားနည်းခြင်းကြောင့် လိုအပ်ချက်များရှိနေ

မောင်မန်း

ပြည်တွင်းနည်းပညာ နယ်ပယ်အတွင်းရှိ လူငယ်အိုင်တီပညာရှင်များအနေဖြင့် ဘာသာရပ်ဆိုင်ရာတွင် ကဏ္ဍစုံလေ့လာမှု အားနည်းခြင်းကြောင့် ပညာရှင်များအဖြစ် ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်များ ရှိနေသည်ဟု အိုင်တီပညာရှင်တစ်ဦးဖြစ်သူ Compu Tech Training Center မှ ဒါရိုက်တာ ဦးရဲကျော် သိန်းက သူ၏အမြင်ကို သုံးသပ်သည်။

လူငယ်အိုင်တီ ပညာရှင်အများစုတွင် ဘာသာရပ်ပိုင်းဆိုင်ရာများ၌ Basic Background Theory ကို ပိုင်နိုင် ခြင်းမရှိဘဲ software, Network , Hardware စသည်ဖြင့် ကဏ္ဍစုံလေ့လာမှု အားနည်းပြီး ကိုယ်ကျွမ်းကျင် ရာ ဘာသာရပ်တစ်ခုတည်းကိုသာ ပိုင်နိုင်ခြင်းက ပညာရှင်အဖြစ်ရပ်တည်ရန် အခက်အခဲများရှိနေသည် ဟု ဆိုခြင်းဖြစ်သည်။

ဦးရဲကျော်သိန်းက “ကိုယ်က Software သမားမဟုတ်ရင်တောင် ကိုယ်လုပ်မယ့် Hardware၊ Network ပေါ်မှာပါလာမယ့် Software နဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကိုတော့ သိထားရမယ်။ အခုလူ ငယ်တွေက Hardware၊ Software၊ Network သီးခြားဖြစ်နေတယ်။ ပူးပေါင်းလုပ်ဆောင်ရမယ်ဆိုမရ တော့ဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသောကြောင့် ပြည်ပကုမ္ပဏီများ ၀င်ရောက်လာ ချိန်တွင် လူငယ်အိုင်တီပညာရှင်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိနိုင်ရန် အတွက် မိမိလုပ်နိုင်သည့် လုပ်ငန်းအပေါ် စိန်ခေါ်မှုများဖြင့် အာမခံချက်ပေးနိုင်ရန်လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

၎င်းက “လစာနဲ့ ရာထူးကိုလိုချင်တာ ပြောသလို ကိုယ့်ဘက်ကလည်း ကိုယ်ဘာလုပ်ပေးနိုင်တယ် ဆိုတာ ကို ပြောနိုင်ရမယ်။ အခုဆိုရင် Telenor ၊ Ooredoo တို့လိုမျိုး ပြည်ပကုမ္ပဏီတွေ အများကြီးဝင်လာပြီ။ သူတို့ကအင်တာဗျူး ကြည့်လို့ကြိုက်တယ်ဆိုရင် လျှောက်တဲ့ ရာထူးထက်တစ်ဆင့်မြင်တဲ့ရာထူးအတွက် လုပ်နိုင်မလားချပြတယ်။ အတွေ့အကြုံရှိတယ်၊ လုပ်နိုင်တယ်ဆိုရင် သင်တန်းပေးမယ်ဆိုရင် လုပ်နိုင်တယ် ဆိုတာမျိုး စိန်ခေါ်နိုင်ရမယ်”ဟု ဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်ပြီး မိမိလုပ်ကိုင်ရမည့် လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းများကို သိရှိနားလည်ရန်လိုအပ်ပြီး တာဝန်ယူရမည့် အပိုင်းတွင် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်စုံ ကောင်းမွန်အောင် ဖန်တီးနိုင်ရန် လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

၎င်းက“ပြည်တွင်းမှာ လူငယ်တွေက Network သမားက Network ရရင်ပြီးပြီလို့ သဘောထားကြတယ်။ ဒါဆိုရင် ကိုယ်က လစာဒေါ်လာ ၅၀၀ လောက်သတ်မှတ်ထားရင် ဒီ့ထက်မြင့်တဲ့ လစာနဲ့ရာထူးကို ဘယ် တော့မှ မရနိုင်တော့ဘူး။ Network ဆိုတာနဲ့ ကိုယ်တာဝန်ယူရတဲ့အပိုင်းမှာ ဘာတွေရှိလဲဆိုတာသိထား ရမယ်”ဟုလူငယ်ပညာရှင်များ၏ လိုအပ်ချက်များကို သုံးသပ်သည်။

ပြည်တွင်းတွင် အိုင်တီပညာရှင်တစ်ဦးအနေဖြင့် ရပ်တည်ရန်အတွက် အခက်အခဲများရှိနေပြီး လုပ်ငန်းရှင် များဘက်မှ လုပ်ခလစာနည်းပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုမှာ ပြဿနာတစ်ရပ်အဖြစ်ရှိနေသည် ဟုလည်း ၀က်ဘ်ဆိုဒ်ရေးဆွဲသူ ပြည်တွင်းအိုင်တီပညာရှင်တစ်ဦးက ဆိုသည်။

၎င်းက “အင်တာနက်ကိုအသုံးဝင်အောင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တဲ့အခါကျမှ အိုင်တီပညာရှင် တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ ဖြစ်လာမှာပါ”ဟု ဆိုသည်။

ပြည်တွင်းမှ အိုင်တီပညာရှင်များ ပြည်ပထွက်ခွာပြီး လုပ်ကိုင်နေခြင်းကြောင့် နိုင်ငံတွင်ဆုံးရှုံးမှုများ ဖြစ်နေ ပြီး ပြည်တွင်းတွင် ပညာရှင် လူငယ်များအတွက် ၎င်းတို့နှင့် ကိုက်ညီမည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဆိုပါက ပြည်ပရောက် ပညာရှင်များပင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်လာနိုင် ပြီး မြန်မာနိုင်ငံအတွက် များစွာအထောက်အကူပြုနိုင်မည်ဟု ပညာရှင်များက သုံးသပ်ထားသည်။

No comments: