Sunday, March 9, 2014

အစိုးရတပ် KIA လွယ်ခမ့်စခန်းသို့ တိုက်ခိုက်

KNG

ရှမ်းပြည်မြောက်ပိုင်း ကချင်လွပ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နမ်ဆန်မြို့နယ် တပ်ရင်း (၃၄)ရှိ လွယ်ခမ့်စခန်းအား မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီချိန်တွင် အစိုးရတပ် တပ်မ (၇၇) မှ စစ်ကြောင်း အင်အား ၁၀၀ ကျော်ဖြင့် တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်းသိရသည်။

ထိုသို့ အစိုးရစစ်ကြောင်းများ KIA တပ်ရင်း (၃၄) စခန်းအနီးသို့ KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) မှ တပ်ဖွဲ့ဝင်များ မရော်ကမ်လီ (Maraw Kam Li) နှင့် ၆ ယောက်သာ ရှိနေစဉ် အစိုးရစစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် မိနစ် ၃၀ ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၄င်း KIA လွယ်ခမ့် စခန်းကို နောက်ဆုတ်လိုက်ရခြင်းဖြစ်သည်ဟု KIA တပ်မဟာ ၄ မှ အတည်ပြုပြောဆိုခဲ့သည်။

မိနစ် ၃၀ ကျော်ကြာ ဖြစ်ပွားသော ၄င်းတိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသော်လည်း တိကျစွာမသိရှိရသေးကြောင်း အခြေအနေများ တင်းမာမှုတဖက် ငြိမ်းချမ်းရေးဆွေးနွေးရန်လည်းရှိဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးတာတော့ ဆက်တိုက်လုပ်နေတယ် အခုမတ်လ ၁၀ ရက် တင်္နလာနေ့ နဲ့ ၁၁ ရက် အင်္ဂါနေ့တွေမှာ ရန်ကုန်မှာ NCCT တွေ့ဆုံဖို့ရှိတယ် ပြီးရင် ချင်းမိုင်မှာ ပြန်တွေ့ဆုံဖို့ရှိနေတယ်”
အဆိုပါ KIA တပ်စခန်းသည် စစ်ရေးအရ အရေးပါသော စခန်းဖြစ်သောကြောင့် သိမ်းပိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ထားသော်လည်း အစိုးရစစ်ကြောင်းသည် ၄င်းစခန်းကို မတ်လ ၃ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာထားကြောင်းသိရသည်။

ထို့ကြောင့် အစိုးရနောက်ဆုတ်ထားချိန် လွယ်ခမ့်စခန်းကို KIA ဖက်မှ ပြန်လည်နေရာယူထားကြောင်း တပ်မဟာ ၄ မှသိရသည်။

တပ်မဟာ (၄) နယ်မြေ မုန်ဂိုးဒေသ KIA တပ်ရင်း ၃၆ ရိခူးရွာတွင်လည်း မတ်လ ၄ရက်နေ့တွင် အစိုးရတပ်ဖွဲ့နှင့် MHH ပြည်သူ့စစ်တပ်ဖွဲ့ တပ်ခွဲ (၅) ကြား မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အစိုးရနှင့် KIA တပ်မဟာ ၄ ဖက်တွင် တိုက်ပွဲများပြင်းထန်သည်ဟု မဆိုနိုင်သော်လည်း တင်းမာမှုများက အစိုးရစစ်ကြောင်းလှုပ်ရှားမှုပေါ်မူတည်၍ ဖြစ်ပေါ်နေသည်ဟု KIA ဖက်မှပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တနိုင်ငံလုံး အပစ်ခတ်ရပ်ဆိုင်းရေးလုပ်ဆောင်နိုင်ရန် ကြိုးစားနေချိန် KIA တပ်မဟာ (၄) ဒေသတွင် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

No comments: