Saturday, March 15, 2014

ပုသိမ်တွင် လေယာဉ်မောင်းသင်တန်းသူ မောင်းနှင်ဆင်းသက်သည့် လေယာဉ် မတော်တဆမှုဖြစ်ပွား

မဇ္ဈိမ

ဧရာဝတီတိုင်းတွင် လေယာဉ်မောင်းသင်တန်းပေးနေသည့် မြန်မာလေကြောင်းအကယ်ဒမီ လေယာဉ်မောင်း သင်တန်းမှ မမိုးဝေဖြာ လေ့ကျင့်မောင်းနှင်လာသည့် လေယာဉ်သည် မတ်လ ၁၂ရက် နံနက် ၈နာရီခန့်က ပြေးလမ်းနှင့် လေယာဉ်ရှေ့ဘီး ဝင်တိုက်မိကာ မတော်တဆမှု ဖြစ်ပွားခဲ့ရသည်ဟု မြန်မာလေကြောင်းအကယ်ဒမီ၏ ဒါရိုက်တာ ဦးခင်မောင်ဝင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သင်တန်းသူ မမိုးဝေဖြာသည် ပထမဆုံးအကြိမ် တစ်ဦးတည်း မောင်းနှင်ဆင်းသက်စဉ် ရုတ်ချည်းတိုက်ခတ်သည့် လေပြင်းကြောင့် လေယာဉ် ထိန်းသိမ်းမောင်းနှင်မှု ချိန်ဆမှု အနည်းငယ် နောက်ကျသွားခဲ့သဖြင့် လေယာဉ်ရှေ့ဘီးနှင့် လေယာဉ်ပြေးလမ်း ဝင်တိုက်မိကာမတော်တဆ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လေယာဉ်မတော်တဆမှုကြောင့် လေယာဉ်ရှေ့ဘီးကို ထိန်းထားသည့် ထိန်းတံ ကျိုးသွားခဲ့ရုံမှအပ လူထိခိုက်ခြင်းနှင့် အခြား ပျက်စီးဆုံးရှုံးမှု မရှိဟု ဆိုသည်။

No comments: