Monday, March 10, 2014

စီမံကိန်း ခေတ္တ ရပ်နားသည်ဆို၍ လေဆိပ်အနီး မြေကွက်များ ဈေးကျ

ထားထားခင်

ပဲခူးမြို့အနီးတွင် တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာ လတ်တလော အချိန်တွင် ခေတ္တရပ်ဆိုင်းနေသည်ဟူသည့် သတင်းများကြောင့် လွန်ခဲ့သည့်သီတင်းပတ်များမှ စတင်ကာ လေဆိပ်အနီးရှိမြေကွက် အရောင်းအ၀ယ်များ ပြန်လည်တုံ့ဆိုင်း သွားခဲ့သည့်အပြင် ဈေးနှုန်းများ လည်း ကျဆင်းသွားခဲ့သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက ပြောသည်။

“လေဆိပ်စီမံကိန်းစတင်ဖို့ ညှိနှိုင်းမှုအဆင့်မှာ အဆင်မပြေသေးတာကြောင့် ခေတ္တရပ်ဆိုင်းနေတယ်လို့ ကြားတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလေးပတ်လောက် ကစပြီး မြေကွက် အရောင်းအ၀ယ်တွေ တော် တော်လေး အေးသွားခဲ့တယ်။ ကြားမိသလောက် လေဆိပ်စီမံကိန်းကို ပထမတုန်းက ကိုရီးယားက အင်ချွန်းကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ဖို့ အစိုးရက သဘောတူထားတာ။ ဒါပေမယ့် ကိုရီးယားနဲ့ညှိနှိုင်းမှု အဆင် မပြေတာကြောင့် ခဏရပ်နေပြီး အခု ဂျပန်မှာရှိတဲ့ စင်ကာပူကုမ္ပဏီ တစ်ခုနဲ့ စီမံကိန်းဆက်လက်ဆောင် ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ ကြားတယ်။ ဒီတော့ အရင်ကဈေးကောင်းရခဲ့တဲ့ စီမံကိန်း ၀န်းကျင်တ၀ိုက်က မြေကွက်တွေတောင် ဈေးတွေကျကုန်တယ်” ဟု ပဲခူးမြို့အခြေစိုက် ကျော်သီဟ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ကိုကျော်ဝင်းက ပြောသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကြောင့် ဥသာမြို့သစ်၏ အဓိက အချက်အချာနေရာများ ဖြစ်သည့် မြို့ရှောင်လမ်းရှိ မြေကွက်များနှင့် လေဆိပ် အ၀င်လမ်းရှိမြေကွက်များမှာ ယမန်နှစ် နှောင်းပိုင်းက စတင်၍ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက မဇ္ဈိမကို ပြောသည်။

လေဆိပ်ပြီးစီးချိန်တွင် စီးပွားရေးဈေးကွက်အရ ပိုမိုအချက်အချာ ကျလာနိုင်သည့်အတွက် ဈေးတက်လာ မည့်အချိန်ကို စောင့်မျှော်၍ ကြိုတင်ရင်းနှီးမြှုပ်နှံလာကြခြင်းကြောင့် မြေကွက်ဈေးနှုန်းများမြင့် တက်ခဲ့ခြင်း ဖြစ်သည်ဟု ပဲခူးမြို့ရှိ ၀ါရင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

“ မြို့သစ်ဧရိယာတ၀ိုက်က လေဆိပ်စီမံကိန်းနဲ့ နီးတဲ့အပြင် အဲဒီမှာဌာနဆိုင်ရာ လူကြီးတွေကို ချပေးထား တဲ့ မြေကွက်တွေလည်း ရှိတယ်၊ မြို့သစ်က စတုရန်းပေ ၈,၀၀၀ လောက်ရှိတဲ့မြေကွက်က လက်ရှိအချိန် မှာ သိန်း ၁,၅၀၀ လောက် ပေါက်ဈေး ရှိနေတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် သိန်း ၁၅၀ လောက်ပဲ ရှိတယ်။ လေဆိပ်စီမံကိန်းဆိုတဲ့ သတင်းကြောင့် မြို့သစ်ကမြေကွက်တွေကတော့ ၀ယ်လိုအား များပြီး ဈေးလည်း မြင့်နေခဲ့တယ်” ဟု ပဲခူးမြို့အခြေစိုက် Bago Land အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင် ဦးဥာဏ်လင်းက ပြောသည်။

လဆိပ်စီမံကိန်းကြောင့် မြေကွက်များ ဈေးမြင့်တက်လာခြင်းသာမက ပဲခူးစက်မှု ဇုန်ဖွံ့ဖြိုးလာမှု အရှိန် ကြောင့်လည်း အဆိုပါ အနီးတ၀ိုက်ရှိ မြေကွက်များမှာ ဈေးကောင်းလာခဲ့သည်ဟုလည်း ဦးဥာဏ်လင်း က ပြောသည်။

“ အရင်တုန်းက ပဲခူးမြို့စွန်ဘက်တွေဆိုရင် စိတ်ဝင်စားတဲ့သူ နည်းတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းရှိလာတော့မယ်ဆိုတဲ့ သတင်းလည်းကြားရော ရင်းနှီးမြှုပ်နှံမယ့်သူတွေက ပဲခူးအနီးတ၀ိုက် အချက်အချာနေရာက မြေကွက်တွေကို စီးပွားရေးအခွင့်အလမ်းတွေရှိလာရင် လုပ်ကိုင် နိုင်ဖို့ အပြိုင်အဆိုင် ၀ယ်ယူလာကြတဲ့အတွက် ဈေးတွေအဆမတန် တက်လာခဲ့တယ်။ စီမံကိန်းသတင်း မကြားခင် လွန်ခဲ့တဲ့နှစ်တွေထက် အဆ တစ်ရာလောက်တောင် ဈေးတက်လာတယ်လို့ ပြောနိုင်ပါတယ်” ဟု အဆိုပါဝါရင့် အကျိုးဆောင်က ပြောသည်။

ပဲခူးမြို့သည် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်ချက်များ ရှိနေသော်လည်း ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ စက္ကူပုံးထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဖိနပ် ထုတ်လုပ်ခြင်းလုပ်ငန်းများ အတွက် စက်ရုံတည်ဆောက်ရန် ပဲခူးစက်မှုဇုန်တွင် မြေနေရာ ရှာဖွေပေးရခြင်းများ ရှိသည်ဟုလည်း ဦးဥာဏ်လင်း ကပြောသည်။

“ခန့်မှန်းရသလောက် လေဆိပ်စီမံကိန်း ပြီးစီးသွားတဲ့အချိန်မှာ မြို့သစ်ကတော့ ဈေးအကောင်းဆုံး ဖြစ်မှာ ပါပဲ။ ရင်နှီးမြှုပ်နှံသူတွေ အခုထက် ပိုဝင်လာမယ်ဆိုရင်တော့ လေဆိပ်စီမံကိန်းကြောင့် ပဲခူးမြို့ရဲ့မြေဈေးနဲ့ အိမ်ဈေးတွေက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေအတိုင်း ဖွံ့ဖြိုးမှု ရှိလာနိုင်မယ်လို့ ခန့် မှန်း ရပါတယ်” ဟု ၎င်းကပြောသည်။

ကိုကျော်ဝင်းကလည်း “ဘီယာစက်ရုံ တို့၊ လက်အိတ်စက်ရုံတို့ ဆောက်ဖို့အတွက် ပဲခူးစက်မှုဇုန်မှာ လုပ်ငန်းရှင်တွေက မြေကွက်ကျယ်တွေ ၀ယ်လာကြတာကြောင့် လွန်ခဲ့တဲ့လတွေတုန်းက ၀ယ်လိုအား တက်ခဲ့တယ်။ ပဲခူးစက်မှုဇုန်မှာ မြေဈေးတွေက သက်သာတယ်။ နောက်တစ်ချက်က လျှပ်စစ်မီးလည်း ရ နေပြီဆိုတော့ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ အဆင်ပြေတာလည်းပါတယ်။ အနာဂတ်မှာ တော့ လေဆိပ်စီမံကိန်း အခြေအနေပေါ်မူတည်ပြီး လေဆိပ်အနီးတ၀ိုက်က စီးပွားရေးအရ အချက်အချာ ကျတဲ နေရာတွေမှာ ဈေးနှုန်းနှစ်ဆနီးပါးလောက် မြင့်တက်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ သိန်း ၁,၀၀၀ တန်မြေကွက်တွေက သိန်း၂၀၀၀ လောက်ထိ ဈေးတက်သွားတာမျိုးပေါ့” ဟုပြောသည်။

မြို့သစ်ရှိ လေဆိပ်အ၀င်လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်သူ ကိုသက်ဦးက လေဆိပ်စီမံကိန်း စတင်လာ ခြင်းက ပဲခူးမြို့ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရှိန်အဟုန်ရလာစေရန် အထောက်အကူပြုမည်ဟု ပြောသည်။

“ပဲခူးမြို့ရဲ့မြို့ပြအင်္ဂါရပ်က ရန်ကုန်နဲ့ နှိုင်းယှဉ်ရင် အားနည်းတယ်လေ။ ဒါပေမယ့် ဟံသာဝတီ လေဆိပ် ကြောင့် ပဲခူးမြို့ရဲ့မြို့ပြ အင်္ဂါရပ်တွေပိုမို တိုးတက်လာလိမ့်မယ်လို့ ပြောနိုင်တယ်။ စီမံကိန်းတိုးတက်လာ မှုက လေဆိပ်အ၀င် လမ်းတစ်လျှောက်နဲ့ လေဆိပ်အနီးနားက လမ်းတွေပါ မကျန် ဈေးတွေကောင်းလာ နိုင်တယ်။ ဒီအနီးအနားတ၀ိုက်က အတွင်းလမ်းတွေမှာတောင် ဈေးတွေ ဆယ်ဆမက တက်လာခဲ့တယ်။စီမံကိန်းသာ တကယ်စပြီဆိုရင် မြေဈေးတွေ ဒီထက်မြင့်လာဦးမှာ သေချာပါတယ်”ဟုလည်း ၎င်းက ပြော သည်။

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိပြီး ၂၀၁၈ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်း အကျယ်အ၀န်းမှာ ဧက ၁၀,၀၀၀ နီးပါးခန့်ရှိပြီး တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင် အကြီးဆုံးအပြည် ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ဖြစ်လာမည်ဟု သိရသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နှစ်စဉ် ခရီး သည် ပေါင်း ၁၂ သန်းခန့်ကို ၀န်ဆောင်မှု ပေးနိုင်မည်ဟုလည်း သိရသည်။

No comments: