Monday, March 10, 2014

ကယ်ဖြူအဖွဲ့ပိုင် ခဲသတ္တုတူးဖေါ်ရေး စီမံကိန်းမြေပေါ်မှ ခဲကျင်း (၆) ကျင်းခန့် ပြောင်းရွေ့ ရန် အမိန့်ချ

နေထူး

ကရင်နီအမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့(KNSO) ခေါ် ကြယ်ဖြူအဖွဲ့ပိုင် ခဲသတ္တုတူးဖော်ရေး စီမံကိန်းဖြစ်သော ခဲတောင်ကလေး(ကီဒေ) ဆိုသည့်နေရာတွင် သာမန်လုပ်ကိုင်စားသောက် လျက်ရှိသော ဒေသခံ ခဲကျင်း (၆)ကျင်းကို အမြန်ဆုံးပြောင်းရွေ့ရန် အမိန့်ချမှတ်ထားသဖြင့် ဒေသခံများ အခက်အခဲ ရှိနေကြရသည်ဟု ပြောင်းရွေ့ရန် ပြင်ဆင်နေသည့် မူးမင်းစိုးက ပြောသည်။

မူးမင်းစို က ̏ အလုပ်က အသစ်စပြီဆိုလို့ရှိရင် ဟို…တစ်ကနေ စလုပ်ရတယ် ဆိုတော့ ငွေပေါ်တဲ့အထိ လုပ်မယ်ဆိုရင် အကြာကြီးဘဲ ပြီးတော့ လက်ငုပ်လက်ရင်းစီးပွားရေးဆို တာလည်းတစ်ခြားဟာမရှိဘူး၊ ဒါဘဲရှိတယ် ဆိုတော့ ဒီပိုက်ဆံမှမပေါ်ရင် ကြားထဲမှာ အကြွေးတွေနဲ့ လုံးပတ်လည်နေတာ၊ ပြီးတော့ အလုပ်အဟောင်းကို ဖြုတ်ပြီးအလုပ်သစ်သွားစတယ်ဆိုတော့ ပိုဆိုးသွားတာပေါ့၊ အလုပ်အဟောင်းကပစ္စည်း တွေအကုန်သိမ်းပြီး အလုပ်အသစ်တစ်ခုကိုပြန်စ တယ်ဆိုတော့ အများကြီးနစ်နာတာပေါ့ ̋ ဟု ပြောသည်။

၎င်းတို့သတ်မှတ်ထားသော အချိန်ကာလအတွင်းတွင် ကျင်းပိုင်ရှင်များအနေနှင့် မပြောင်းရွှေ့ပေးလျှင် အရေးယူမည်ဟုလည်း ပြောဆို ထားသည့်အတွက် ဘေးကြပ်နံကြပ် အခြေအနေနှင့် ရင်ဆိုင်နေကြ ရခြင်းဖြစ်သည်ဟု ပြောသည်။

ထိုနေရာသည်လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ကြယ်ဖြူအဖွဲ့မှ ၎င်းမြေပိုင်ဆိုင်သည့် သူတစ်ဦးထံမှ ကျပ်သိန်းပေါင်း ၂၀၀၀ ခန့်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

၎င်းမြေများကို မ၀ယ်ခင်ကတည်းကပင် ထိုနေရာတွင် မော်ချီးဒေသခံများ အပါအ၀င် အခြားသောသူများ လာရောက် လုပ်ကိုင်စားသောက် နေခဲ့ကြခြင်းဖြစ်သည်။

ခဲကျင်းများမှထွက်ရှိသောခဲများကို အပြင်သို့ထုတ်ရောင်းခွင့်မရှိဘဲ အဖွဲ့အစည်း (သို့) ကုမ္ပဏီသို့ ပြန်သွင်းပေးရခဲ့ကြရသည်။

ခဲကျင်းတူးဖော်လုပ်ကိုင်နေသူ ဒေသခံတဦးက “ လာတုန်းကတော့သူတို့ကျနော်တို့ကိုပြောတာက အတူတူလုပ်မယ် အတူတူစားမယ်ပေါ့နော် အဲ့လိုမျိုးပြောတာဘဲ နောက်ပိုင်းကျတော့ ကျနော်တို့ကို ထွက်သွားလို့တော့ ပြောတာ ̋ ဟု ပြောသည်။

ထိုဒေသတွင် လက်ရှိခဲကျင်း (၆) ကျင်းခန့်သာ ကြယ်ဖြူနှင့်ကုမ္ပဏီ၏ခွင့်ပြုချက်ဖြင့် ယနေ့အချိန်ထိ လုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုခဲကျင်းများကို ဇန်န၀ါရီလ ၅ ရက်နေ့မတိုင်မီ အပြီးပြောင်းရွေ့ ခိုင်းနေတာဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွင်းတွင် မော်ချီးသတ္တုတွင်းထွက်လုပ်ငန်းများနှင့် ဆယ်မိုင်ပတ်လည်တွင် ရှိသော ဒေသခံမြေယာများ၊ ခဲကျင်းများကို တရုတ်ကုမ္မဏီများက ကြယ်ဖြူအဖွဲ့နှင့်ပူးပေါင်း၍ လိုက်လံရှာဝယ် ထားကြသည်ဟုသိရသည်။

လက်ရှိတွင် တရုတ်ကုမ္မဏီများက ကြယ်ဖြူအဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်သည့် နေရာများမှာ အမှတ် (၂) ၊ ခဲတောင်ကလေး ၊ ညောင်ပင်စခန်း နှင့် ထို့မှီခိ (ကရင်ဘာသာစကား) တို့တွင် ဘက်ဖိုးများတူးဖော်ပြီး ခဲဆေးသည့် စက်ရုံပါတခါတည်း တည်ဆောက်ထားကြပြီးဖြစ်သည်ဟု သိရသည်။

No comments: