Sunday, March 9, 2014

ပြည်ပနိုင်ငံများတွင် ကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်တန်ဖိုးရှိသည့် နိုင်ငံပိုင် မြန်မာသံရုံး ၁၈ ရုံးရှိ

မင်းမင်း

အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံတကာနှင့် သံတမန်ရေးရာကိစ္စများကို အလေးထားခဲ့သော် လည်း ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပိုင်သံရုံးမှာ ၁၈ ခုသာ ရှိသေးသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးတင်ဦးလွင်က ပြောသည်။

ဒု-၀န်ကြီး၏ ပြောဆိုချက်အရ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ် ၀န်ချုပ်ရုံးများ နိုင်ငံပေါင်း ၄၀ တွင်ရှိပြီး ၂၂ ရုံးမှာ ငှားရမ်းထားရသည်ဟု ဆိုသည်။

ပြည်ပရောက် နိုင်ငံသားတို့ကို ကာကွယ်ပေးရသည့် မြန်မာသံရုံးပေါင်း မည်မျှရှိသည်ကို နိုင်ငံသားများ သိရှိစေရန်ဟု မေးမြန်းခဲ့သည့် ရခိုင်ပြည်နယ်မှ အထက်လွှတ်တော်အမတ် ဒေါက်တာအေးမောင်၏ မေး မြန်းမှုကို ဒု-၀န်ကြီးက မတ်လ ၆ ရက်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မြန်မာသံရုံးအသီးသီးနှင့် ထိတွေ့မှုရှိရန် လိုသည်ဟု ဒေါက်တာ အေးမောင်က ဆိုသည်။ “ပြီးခဲ့တဲ့ကာလတွေမှာဖြင့် သံရုံးဆိုတာမျိုးဟာ ဆန္ဒပြဖို့အတွက် နေရာတစ်နေ ရာ၊ တစ်နည်းအားဖြင့် အခွန်ကောက်ခံတဲ့နေရာဖြစ်လို့ မြန်မာနိုင်ငံသားတွေ ပြည်ပရောက်တဲ့ ကာလမှာ တော်တော်လေးကို ကွင်းရှောင်တဲ့နေရာဖြစ်တယ်”ဟု ဒေါက်တာအေးမောင်က ထောက်ပြပြောဆိုသည်။

ဒေါက်တာအေးမောင်၏ မေးမြန်းမှုအပေါ် နိုင်ငံခြားရေးဒု-၀န်ကြီးက နိုင်ငံပိုင်သံရုံး ၁၈ ရုံး၏ ကာလတန်ဖိုးကို ထည့်သွင်းပြောဆိုခဲ့သေးသည်။

ဒု-၀န်ကြီး၏ ပြောဆိုချက်အရ အဆိုပါ မြန်မာသံရုံး ၁၈ ရုံး၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကျော်အထိ ရှိသည်။

နိုင်ငံပိုင်သံရုံးများရှိသည့် မြန်မာသံရုံးများမှာ ထိုင်း၊ ဂျာမနီ၊ သြစတြေးလျ၊ အီဂျစ်၊ တရုတ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အိန်္ဒိယ၊ အမေရိကန်၊ မြောက်အိုင်ယာလန်၊ ပြင်သစ်၊ တောင်အာဖရိက၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်နှင့် လာအိုနိုင်ငံ စသည်တို့ ဖြစ်သည်။

No comments: