Wednesday, March 12, 2014

ဝင်ငွေခွန် နောက်ကြောင်းပြန် ပြဋ္ဌာန်းမည်မဟုတ်

စိုးသန်းလင်း

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင်ပါဝင်သည့် ပုဒ်မ (၁)(ခ)ရှိ “အကျိုးသက်ရောက်စေ သော ၀င်ငွေနှစ်”နှင့်ပတ်သက်ပြီး ယနေ့ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်အရ ၂၀၁၄-၁၅ နှစ်ကို “၀င်ငွေနှစ်အဖြစ်လည်းကောင်း၊ ၂၀၁၅-၁၆ ကို “စည်းကြပ်နှစ်”အဖြစ်လည်းကောင်း သဘောတူ ကြောင်းနှင့် နောက်ကြောင်းပြန် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

“၂၀၁၄-၁၅ ကို စည်းကြပ်နှစ်လို့ ပြင်ဆင်လိုက်လို့ရှိရင် ၀င်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ၁-၄- ၂၀၁၃ ရက်က စတင်အကျိုးသက်ရောက်ပြီး ၂၀၁၃-၁၄ ၀င်ငွေနှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ၀င်ငွေတွေ အတွက် နောက်ကြောင်းပြန် တစ်နှစ် အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်၊ အခု ဧပြီလ ၁ ရက်ကစပြီး သက်ရောက်မှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း လက်ရှိ တည်ဆဲ အခွန်နှုန်းထားများနဲ့တွက်ဆပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည် ထောင်စုလွှတ်တော်၌ ရှင်းပြခဲ့သည်။

ဝင်ငွေနှစ်ဆိုသည်မှာ ၀င်ငွေရရှိသော နှစ်ကို ဆိုလိုပြီး နှစ်စဉ် ဧပြီ ၁ ရက်မှ မတ် လ ၃၁ ရက်အထိဖြစ် ကြောင်း၊ စည်းကြပ်နှစ်ဆိုသည်မှာ ၀င်ငွေနှစ်နှင့် တစ်ဆက်တည်းဖြစ်သော နောက်နှစ်ဖြစ်ကြောင်း၊ ထို့ ကြောင့် ယခုဥပဒေသည် ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်၌ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း ၂၀၁၄-၁၅ ကို ၀င်ငွေနှစ်ဟု ပြင်ဆင်သည်ကို သဘောတူသင့်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဝန်ကြီးက ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက အဆိုပါ ၀င်ငွေခွန်ဥပဒေပုဒ်မ ၁(ခ)ပါ “၂၀၁၅-၁၆ စည်းကြပ်နှစ်”စာသားအား “၂၀၁၄-၁၅ စည်းကြပ်နှစ်”ဟု ပြင်ဆင်ချက်အဆို တင်ထားခြင်းအပေါ် တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်တင်နွယ်ဦးက “၂၀၁၄ အခွန်အကောက်ဥပဒေကို ၂၀၁၄-၁၅ လို့ မပြင်ဘဲ ၂၀၁၅-၁၆ အတိုင်း ထား မယ်ဆိုရင် ၂၀၁၅ ဧပြီ ၁ ရက်ကစပြီးတော့ အခွန်စည်းကြပ်ရမယ်ဆိုတော့ တစ်နှစ်စောင့်နေရပါမယ်။ အဲ ဒါကြောင့် အဲဒီလို တစ်နှစ်မစောင့်ရအောင် ၂၀၁၅-၁၆ စည်းကြပ်နှစ်နေရာမှာ ၂၀၁၄-၁၅ စည်းကြပ်နှစ် လို့ ပြုပြင်သင့်ပါတယ်”ဟု လွှတ်တော်သို့ ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။

၎င်း၏ ပြင်ဆင်ချက်အဆိုကို ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့် ယှဉ်တွဲလျက် မဲခွဲဆုံးဖြတ်ရာ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အဆိုကို ထောက်ခံသူ ၄၃၂ မဲ၊ ကန့်ကွက်သူ ၄၈ မဲ၊ ကြားနေ ၁၄ မဲတို့ဖြင့် “၂၀၁၅-၁၆ အခွန်စည်းကြပ်နှစ်”က အနိုင်ရခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း တွေ့ရသည်။

No comments: