Wednesday, March 12, 2014

ပြည်တော်စုလွှတ်တော်က၀င်ငွေခွန် ဥပဒေတရပ် အတည်ပြုပြဋ္ဌာန်း

ABC

မနေ့က ​ပြုလုပ်ခဲ့တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ​အတည်ပြုလိုက်တဲ့ ​၀င်ငွေ ​ခွန်ဥပဒေကိုပြင်ဆင်တဲ့ ​ဥပဒေကြမ်းအရ ​တစ်နှစ်ဝင်ငွေ ​သိန်း ​၂၀ ​နဲ့ ​အထက်ဝင်ငွေရှိတဲ့ ​နိုင်ငံသားတွေကစပြီး ​၀င်ငွေခွန်ပေး ​ဆောင်ရမယ်လို့ ​သိရပါတယ်။

အရင်တုန်းက ​အခွန်နဲ့ ​ပတ်သက်တဲ့ ​ဥပဒေကို ​အစိုးရက ​ပြဋ္ဌာန်းကောက်ခံ ​တာဖြစ်ပြီး ​ဒီနှစ်မှာတော့ ​အခွန်နဲ့ ​ပတ်သက်တဲ့ ​ဥပဒေကို ​လွှတ်တော်က ​ပထမဆုံး ​အကြိမ် ​ပြဋ္ဌာန်းခဲ့ ​တာဖြစ်ပြီး ​လွတ်တော်က ​ပြဋ္ဌာန်းချက် ​အတိုင်း ​ကောက်ခံ ​သွားမယ်လို့ ​ပြောပါတယ်။

ပြည်ထောင်စု ​လွှတ်တော်က ​အတည်ပြုခဲ့တဲ့ ​၀င်ငွေခွန် ​ဥပဒေကို ​ပြင်ဆင်တဲ့ ​ဥပဒေကြမ်းနဲ့ ​ပတ်သက်ပြီး ​ပြည်သူ့လွတ်တော် ​အမတ် ​ဦးခိုင်မောင်ရည်က ​အခုလိုပြောပါတယ်။

“အရင်တုန်းကတော့ ​အစိုးရကောက်တဲ့အခွန်တွေနဲ့ ​ပတ်သက်လို့ ​ပြည်သူလူထုက ​complain ​တော်တော် ​များများတက်တဲ့အခါမှာကျတော့ ​သက်ဆိုင်ရာအစိုးရအဖွဲ့ကလူတွေ ​လွတ်တော်မှာ ​လာရှင်းရတာတွေရှိပါတယ် ​မနှစ်က ​ဒါကြောင့် ​ဒီနှစ်ကစပြီးတော့မှ ​အခွန်နဲ့ ​ပတ်သက်တာတွေကို ​ကျနော်တို့လွတ်တော်ကပဲ ​ပြဋ္ဌာန်းဖို့ ​ဆုံးဖြတ်ပြီးတော့ ​ဒီနှစ်ကပဲစပြီးတော့ ​ပြဋ္ဌာန်းတာပါ၊ ​အစိုးရက ​၁၄သိန်းကစပြီး ​သူတို့ကဆွဲတယ်၊ ​ကျနော်တို့ ​တနှစ်ကို ​သိန်း ​၂၀ကနေစပြီးတော့ ​မည်သူမဆိုပေးရတော့မှာပါ၊ ​လစာမြင့်ရင်မြင့်သလိုတော့ ​ကျနော်တို့ ​တိုး ​ကောက်သွားပါမယ်။” 

လွှတ်တော်က ​အတည်ပြု ​ခဲ့တဲ့ ​ဥပဒေ ​ကြမ်းအရ ​နိုင်ငံသားတိုင်း ​တနှစ်တာ ​ရရှိတဲ့ ​လစာငွေ ​သိန်း၂၀ကနေ ​သိန်း ​၅၀ကြားကို ​၅%၊ ​သိန်း ​၅၀-၁၀၀ ​ကြားကို ​၁၀%၊ ​သိန်း ​၁၀၀-၁၅၀ ​ကြားကို ​၁၅%၊ ​သိန်း ​၂၀၀- ​၃၀၀ ​ကြားကို ​၂၀%နှုန်းနဲ့ ​သိန်း ​၃၀၀ ​အထက်ကို ​၂၅%သတ်မှတ်လိုက်တယ်လို့ ​ပြောပါတယ်။

ပြည်ထောင်စု ​လွှတ်တော်က ​အတည်ပြုခဲ့တဲ့ ​ဥပဒေကြမ်းအရ ​၂၀၁၄ခု ​ဧပြီလ ​၁ရက်နေ့မှာ ​ဒီဥပဒေဟာ ​စတင် ​အသက်ဝင်မှာ ​ဖြစ်တယ်လို့လည်း ​ဦးခိုင်မောင်ရည်က ​အခုလိုပြောပါတယ်။

“ဒီနှစ်က ​၁၄-၁၅ကနေ ​ကျနော်တို့က ​ပြဌာန်းမယ်၊ဒီပြဋ္ဌာန်းချက်အတိုင်း ​၁၅-၁၆မှာ ​ကျနော်တို့က ​စည်းကြပ်တော့မှာပါ၊ ​အခုလာမဲ့ ​၁ဧပြီကစမှာပါ၊ ​အဲဒီအခွန်ဥပဒေ ​ပြဋ္ဌာန်းပြီးမှပဲ ​အစိုးရရဲ့ ​ဘတ်ဂျက်ဥပဒေပြဋ္ဌာန်းရမှာပါ၊ ​ဒီဘတ်ဂျက်ဥပဒေပြဋ္ဌာန်းဖို့အတွက် ​၀င်ငွေဆိုတာ ​အခွန်မှာသူကတွက်ရတာကိုး၊ ​၂၀၁၄မှာ ​ဧပြီလ ​၁ရက်နေ့မှာစမဲ့ဘတ်ဂျက်မှာ ​အခွန်နှုန်းထားတွေကို ​ကောက်လို့ရအောင် ​ဧပြီလ ​၁ရက်နေ့မတိုင်ခင်မှာ ​အပြီးပြဋ္ဌာန်းနေရ ​တာပါ၊ ​၂၀၁၄ကစပြီးတော့ ​၀င်ငွေရှိတဲ့သူတွေက ​စည်းကြပ်နှစ်ပေါ့နော် ​၁၄ကုန်ပြီးလို့ရှိရင် ​၁၅အစမှာ ​သူတို့ ​ပေးရမယ်ပေါ့နော်။” 

ပြည်တွင်းအခွန်များဦးစီးဌာနကတော့၂၀၁၂-၁၃ ​ဘဏ္ဍာနှစ်အတွက် ​အခွန်ပေးဆောင်ဖို့ ​ပျက်ကွက်နေတဲ့ ​ကုမ္ပဏီ ​ပေါင်း ​၁၀၀၀၀ ​ကျော် ​ရှိနေတယ်လို့ ​သတင်းထုတ်ပြန်ထားကြောင်း ​ရေဒီယို ​သြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: