Tuesday, March 11, 2014

အွန်လိုင်း အသုံးပြုမှုများလာသောကြောင့် အွန်လိုင်းမှ တစ်ဆင့် အရောင်းအ၀ယ် ပြုလုပ်ခြင်း ပိုမို အဆင်ပြေ

မောင်မန်း

ပြည်တွင်းတွင် အွန်လိုင်းအသုံးပြုမှုများလာသောကြောင့် အွန်လိုင်းမှတစ်ဆင့် အရောင်းအ၀ယ် ပြုလုပ်ခြင်း သည် အခြားကဏ္ဍများ အသုံးပြုခြင်းထက် ပိုမိုအလုပ်ဖြစ်နိုင်သည်ဟု အွန်လိုင်းအခြေပြုကုမ္ပဏီ တည် ထောင်သူ အဖွဲ့အစည်းဖြစ်သော Rocket Internet ၏ ဌာနေကိုယ်စားလှယ် Mr. Michiel Bakker က ပြောသည်။

Mr. Michiel Bakkerမ က “အွန်လိုင်းမှာတင်ပြီး ရောင်းချခြင်းက အမှန်တကယ် အလုပ်ဖြစ်ကြောင်း သက် သေသာဓကများက ကျွန်တော်တို့ကို နိုင်ငံအနှံ့လုပ်ငန်းတိုးချဲ့ဖို့ အင်အားပေးပါတယ်။ မြန်မာပြည်မှာ ဂျာနယ်၊ မဂ္ဂဇင်း အသုံးချကြော်ငြာစနစ် ထွန်းကားပြီး အချက်အလက်တွေကို ကြေညာကြပါတယ်။ ၀က်ဘ် ဆိုဒ်မှာကျတော့ အခကြေးငွေပေးစရာမလိုဘဲ အချိန်မရွေးဝင်ကြည့်နိုင်သလို သတင်းအချက်အလက်တွေ ကို ပြည့်ပြည့်စုံစုံ ဖတ်နိုင်မှာဖြစ်ပါတယ်”ဟု ဆိုသည်။

Rocket Internet အနေဖြင့် ပြည်တွင်းတွင် ၀က်ဘ်ဆိုဒ်များ ရေးဆွဲလွှင့်တင်ထားပြီး အဆိုပါ ၀ဘ်ဆိုဒ်များထဲမှတစ်ခုဖြစ်သည့် House.com.mm ကို မတ် ၇ ရက်က မိတ်ဆက်သည်။

မြန်မာနိုင်ငံတွင် ဈေးကွက်အခြေအနေအရ အွန်လိုင်းမှတစ်ဆင့် ထိုးဖောက်ဆောင်ရွက်ရန် အခက်အခဲရှိ နိုင်သည်ဟု ပြောဆိုနေသော်လည်း ၎င်းတို့အနေဖြင့်မူ အင်တာနက်အသုံးပြုမှုပမာဏ မြင့်တက်လာသည် နှင့်အမျှ ပိုမိုလွယ်ကူနိုင်သည်ဟု Mr. Michiel Bakker က မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြု မှုက မြင့်တက်လာပါတယ်။ တိုးတက်လာတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့ အတွက် အွန်လိုင်းကနေ ၀န်ဆောင်မှုပေးဖို့ဆိုတာ မခက်ခဲပါဘူး”ဟုဆိုသည်။

ပြည်တွင်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများရှိလာပြီး အွန်လိုင်းအရောင်းအ၀ယ် ကဏ္ဍအသီးသီးတွင် ပညာရှင်အရေအတွက် နည်းပါးမှုကြောင့် နိုင်ငံတကာ အွန်လိုင်းမီဒီယာများ ၀င်ရောက်လာချိန်တွင် ပြည် တွင်း အွန်လိုင်းကြော်ငြာကုမ္ပဏီများအနေဖြင့် ဆုံးရှုံးမှုများဖြစ်လာနေသည်ဟု နည်းပညာအကြံပေး ကုမ္ပဏီတစ်ခုဖြစ်သော Diamond Consutant Group ၏ အမှုဆောင်အရာရှိချုပ် ဦးသက်အောင်မင်း လတ် ဆိုသည်။

ဦးသက်အောင်မင်းလတ်က “အွန်လိုင်းမှာ ပြည်တွင်းကုမ္ပဏီတွေက ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ ပညာရှင်အကန့်အသတ်တွေ လိုအပ်တာကြောင့်လို့ ပြောနိုင်ပါတယ်”ဟု ဆိုသည်။

Rocket Internet အနေဖြင့် နိုင်ငံပေါင်း ၄၀ ကျော်တွင် ၀က်ဘ်ဆိုဒ်ပေါင်း ၁၅၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေပြီး ပြည်တွင်းတွင် Motors.com.mm, House.com.mm, Work.com.mm နှင့် Kaymu.com. mm ၀က်ဘ်ဆိုဒ်များ တည်ထောင်လုပ်ကိုင်နေသည်။

House.com.mm သည် အိမ်၊ ခြံ၊ မြေ ရောင်းဝယ် ၀န်ဆောင်မှုများအတွက် လွှင့်တင်ထားသော ၀ဘ်ဆိုဒ် ဖြစ်သည်။

No comments: