Thursday, March 13, 2014

မြန်မာ့မီဒီယာအနာဂတ် သံသယဖြစ်စရာမရှိဟု ပြန်ကြားရေးဒု-၀န်ကြီး ဦးရဲထွဋ် ဆို

ဝေမာသိမ့်

မြန်မာနိုင်ငံ၏ အနာဂတ်မီဒီယာသည် သံသယဖြစ်စရာမရှိဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦး ရဲထွဋ်က မတ်လ ၁၂ ရက်၌ အရှေ့အနောက်ဗဟိုဌာနကကြီးမှူးကျင်းပသည့် နိုင်ငံတကာမီဒီယာညီလာခံတွင် ပြောကြားသည်။

“အနာဂတ်မီဒီယာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ၂၀၁၅ နောက်ပိုင်းမှာ ပြည်သူတွေအတွက်အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးသွားပြီး အနာဂတ်မှာ မီဒီယာမဏ္ဍိုင်ကြီးသုံးခု ပေါ်ထွက်လာ မှာဖြစ်တယ်။ ကောင်းမွန်တဲ့ မီဒီယာတွေဖြစ်ဖို့ စီးပွားရေးပုံစံကောင်းတွေလည်း လိုအပ်ပါတယ်”ဟု ၎င်း က ဆွေးနွေးသည်။

ရန်ကုန်ဂျာနယ်လစ်ဇင်ကျောင်း၏ ဒါရိုက်တာဦးရဲနိုင်မိုးကလည်း မြန်မာမီဒီယာအနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်ရလျှင် လူတိုင်း ပျော်ရွှင်စွာ ဇာတ်သိမ်းရန်သာ ဆန္ဒရှိပြီး ဒုတိယ၀န်ကြီးဦးရဲထွဋ်က မီဒီ ယာလွတ်လပ်ခွင့် မြှင့်တင်ပေးမည်ဟု ဆိုသည့်အတွက် ၀မ်းသာသည်ဟု ဆိုသည်။

“လက်ရှိအနေအထားအရကြည့်ရင် မြန်မာ့မီဒီယာဟာ အမှောင်ဆုံးခေတ်ကို ကျော်လွှားပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆွေးနွေးခဲ့သည်။

ဒုတိယ၀န်ကြီးဦးရဲထွဋ်က ရပ်ရွာအခြေပြုမီဒီယာသည် ၂၀၁၅ ခုနှစ်မတိုင်မီနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း တွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားရန်လိုအပ်ပြီး ပြည်သူ့ဝန်ဆောင်မှု မီဒီယာများ အနေဖြင့်လည်း နိုင်ငံရေးနှင့်စီးပွားရေးဖိအားများက ရုန်းထွက်နိုင်ရန်လိုအပ်သည်ဟု ဆိုသည်။ တိုင်းရင်း သားမီဒီယာများသည်လည်း အရေးကြီးသည်ဟု ဆိုသည်။

“တိုင်းရင်းသားမီဒီယာများ ဒေသအဆင့် သတင်းစာတွေ လိုအပ်ပါတယ်။ လူအများစုကတော့ မီဒီယာနဲ့ ပတ်သက်ပြီး ပါဝင်မှုမရှိသေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တမ်းကောက်မယ်ဆိုရင်အ များစုဟာ ရန်ကုန်မှာပဲနေတာတွေ တွေ့ရပါတယ်။ သူတို့မဲဆန္ဒနယ်တွေမှာ မနေကြတာ တွေ့ရပါတယ်။ မီဒီယာလွှမ်းခြုံနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ အောက်ခြေဒေသတွေမှာ ပြည်သူ့ကိုယ်စားပြုတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့လိုပါတယ် ဒါကို အကြံပြုချင်ပါတယ်”ဟု ၎င်းက ပြောသည်။

အရှေ့အနောက်ဗဟိုဌာနက ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာမီဒီယာညီလာခံတွင် မြန်မာမီဒီယာ လောက၌ ကြုံတွေ့နေရသည့် ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများ၊ ဈေးကွက်ဆိုင်ရာစိန်ခေါ်မှုများ၊ တိုင်းရင်း သားဘာသာမီဒီယာများ၏ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများ၊ လူမှုမီဒီယာများ၏ ရိုက်ခက်မှုများ၊ အမုန်းတရားဆိုင်ရာ သုံးနှုန်းရေးသားမှုများ၊ သတင်းရယူပိုင်ခွင့်ဆိုင် ရာ စိန်ခေါ်မှုများနှင့် အခက်အခဲများ စသည်တို့ကို သုံးရက်နီးပါး ဆွေးနွေးခဲ့ကြသည်။

အရှေ့အနောက်ဗဟိုဌာနက ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး မတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါညီလာခံ အကြိုအဖြစ် မတ်လ ၉ ရက်တွင် စုဖောင်ဒေးရှင်းတည်ထောင်သူ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ “ဒီမိုကရေစီစနစ်ထူထောင်ခြင်းနှင့် သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့်လည်း ဆရာစံပလာဇာရှိ သမ၀ါယမစီးပွားရေးစင်တာတွင် ဆွေးနွေးခဲ့သည်။

No comments: