Thursday, March 13, 2014

သန်းခေါင်စာရင်းတွင် ဘင်္ဂလီအစား အခြားနာမည်ရေးသွင်းမည့် အစီအစဉ်ကို ကျောက်ဖြူတွင် ကန့်ကွက် ဆန္ဒပြမည်

မျိုးချစ်နိုင် (ကျောက်ဖြူ)

လာမည့် မတ်လ ၁၆ ရက်နေ့၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂလီအစား အခြား နာမည်ရေးသွင်းခြင်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သူ မြို့သားများမှ ကန့်ကွက် ဆန္ဒပြသွားမည်ဟု သတင်းရရှိသည်။

ဆန္ဒပြခွင့် ရရှိရေး အတွက် ရခိုင်ပိုက်ဆိပ်၊ ဘုရားကြီးလမ်းနေ ဦးကျော်သန်းမှ ယမန်နေ့ မတ်လ (၁၁) ရက်နေ့က ကျောက်ဖြူမြို့၊ မြို့မရဲစခန်းမှူးထံ ခွင့်ပြုချက် တောင်းခံလိုက်သည်ဟု သိရသည်။

“ ကျွန်တော်တို့ ကန့်ကွက်ဖို့ စီစဉ်ရတာက လူဝင်မူကြီးကြပ်ရေးဌာနက ထုတ်ထားတဲ့ သန်းခေါင်းစာရင်း ဥပဒေ ပုဒ်မ ၁၆ (ခ)မှာ ဘယ်လို ပါသလဲဆိုတော့ တိုင်းရင်းသား လူမျိုးစုတစ်ခု (သို့တည်းမဟုတ်) အမည် စာရင်းမပါတဲ့ လူမျိုး တစ်မျိုး ပတ်သက်လို့ မရှိတာကို မထည့်ရလို့ ပါဝင်ပါတယ်။ ဒါပေမယ့် အခု ဖြစ်နေတာက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာ ဆိုပြီးတော့ ထည့်ဖို့ လုပ်နေတယ်လို့ သတင်း ရရှိပါတယ်။ ဒါကြောင့် ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်ရတာပါ” ဟု ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က နိရဉ္စရာကို ပြောသည်။

ဆန္ဒပြပွဲတွင် သံဃာ ၁၀ပါး၊ အမျိုးသား ၁၁၀၊ အမျိုးသမီး ၃၀ ပါဝင်မည် ဖြစ်ပြီး ဘုရားကြီးတောင်ကွင်းတွင် စုဆုံကာ ဘုရားကြီးကျောင်းလမ်း၊ ဈေးလမ်းနှင့် ဗိုလ်ချုပ်လမ်းတို့ကို ချီတက် ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံထားသည်ဟု ဆိုသည်။

“ ခွင့်ပြုချက်က ရရှိမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာ သူရ အောင်ကိုက ဘယ်လို ပြောထားသလဲ ဆိုရင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်တင်ပါ။ ပေးမယ်၊ မပေးဘူးဆိုတာက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်သာ ဖြစ်တယ်။ မပေးရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ပြောဆိုထားတဲ့ အတွက် ခွင့်ပြုချက်က ကျလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူက ဆက်ဆိုသည်။

ခွင့်ပြုချက်ရရှိပါက မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်ကာ ဆန္ဒပြပွဲကို ပြုလုပ်သွားမည်ဟု သိရသည်။

အလားတူ ဆန္ဒပြပွဲများကို မတ်လ ၁၆ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ပြုလုပ်သွားရန် စီစဉ်နေသည်ဟုလည်း ရခိုင်သားကြီး ဦးလှမြင့်မှ နိရဉ္စရာသို့ ပြောဆိုသည်။

No comments: