Sunday, March 9, 2014

တပ်သိမ်းမြေအားလုံး ပြန်ပေးရေး တောင်းဆိုမှု ငြင်းပယ်ခံရ

ရေခဲ(ပြည်)

သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာ တောင်သူ လယ်သမားများနှင့် ဌာနဆိုင်ရာများ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၆ ရက်က ညှိနှိုင်းခဲ့ သော်လည်း ပြေလည်မှုမရကြောင်း ဒေသခံတောင်သူများက ပြောသည်။

၂၀၀၁ ခုနှစ်တွင် စစ်တပ်ကသိမ်းယူခဲ့သည့် လယ်ယာမြေ ၁,၁၅၉ ဒသမ ၅၅ ဧက အားလုံးပြန်ရရေး တောင်သူများက တောင်းဆိုရာတွင် ဌာနဆိုင်ရာများဘက်က လိုက်လျောပေးနိုင်ခြင်းမရှိဟု ငြင်းဆန်ခဲ့ ကြောင်း လယ်သမားအရေးဆောင်ရွက်သူ ဦးကောင်းထက်ကျော်က ပြောသည်။

“သူတို့က ငါးဧကရှိတဲ့လူ နှစ်ဧကပဲ ရချင်ရမယ်။ မိမိပိုင်တဲ့ မူလနေရာ ပြန်ရချင်မှရမယ်။ သူတို့ကိုစာတင် မှသာ လယ်တွေ ပြန်ရမယ်။ ဆန္ဒပြနေရုံနဲ့မရဘူးလို့ ပြောတယ်။ ရမယ်မရဘူးဆိုတာ သေချာတဲ့သဘော မျိုးမရှိဘူး”ဟု ၎င်းက ဆိုသည်။

လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မြေစာရင်း၊ မြို့နယ် သမဦးစီး၊ ရဲတပ်ဖွဲ့ စသည့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်လာသည်ဟု ဒေသခံ တောင်သူလယ် သမားများက ပြောသည်။

ဌာနဆိုင်ရာများဘက်က ညှိနှိုင်းဆွေးနွေးရာတွင် “အသိမ်းခံရသော လယ်ယာမြေများကို စာရင်းပြုစုတင် ပြပေးရမည်။ ထိုသို့တင်ပြပေးမှသာ ငါးဧကအသိမ်းခံရသူသည် နှစ်ဧကခန့် လယ်ယာမြေပြန်ရနိုင်သည်။ သို့သော် မူလနေရာပြန်မရနိုင်”ဟု ဆိုလိုက်သည့်အပေါ် လယ်သမားများက “ဘိုးဘွားပိုင်လယ်ယာမြေ များ အကုန်ပြန်ရလိုသည်”ဟုဆိုကာ သဘောထားများ ကွဲလွဲသွားကြောင်း ဦးကောင်းထက်ကျော်က ပြောသည်။

No comments: