Monday, March 10, 2014

နိုင်/ကျဉ်းများ လွတ်မြောက်ရန် ဆရာတော်တစ်ပါး တောင်ကြီးမှ ရန်ကုန်သို့ ဆွမ်းဘုန်းမပေးဘဲလမ်းလျှောက်

ဂျွန်ချစ်ငြိမ်း

လက်ကျန် နိုင်ကျဉ်း ၃ဝ လွတ်မြောက်ရေးရန် ဆရာတော် ဦးရက္ခဝံသသည် တောင်ကြီးမြို့ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံရှေ့မှ ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံ အထိ ဆွမ်းဖုန်းမပေးဘဲ လမ်းလျှောက် ကြွချီ ဆန္ဒပြရန် မတ် ၈ရက်က တောင်ကြီးမြို့မှ စတင်ထွက်ခွာပြီဖြစ်သည်။

"တနိုင်ငံလုံးမှာ နိုင်ကျဉ်း မရှိစေရဘူး ပြောပြီးတော့ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတာကို တနိုင်ငံလုံး သိစေချင်လို့ ရည်ရွယ်ပြီးတော့ အစာငတ်ခံ ဆန္ဒပြ လမ်းလျှောက်ရခြင်း ဖြစ်တယ်" ဟု ဆရာတော် ဦးရက္ခဝံသ က မဇ္ဈိမကို မိန့်သည်။

တောင်ကြီးမြို့ မှ ရန်ကုန်မြို့အထိ မိုင်ပေါင်း (၄ဝဝ)ကျော် အကွာအဝေးကို တစ်နေ့ မိုင်ပေါင်း (၂ဝ) ခန့် လမ်းလျှောက်သွားမည်ဖြစ်ပြီး ယခု လမ်းလျှောက်ဆန္ဒပြခြင်းသည် စတုတ္တ အကြိမ်မြောက်ဖြစ်သည်ဟု ဆရာတော် ဦးရက္ခဝံသက မိန့်သည်။

"ဆရာတော်က နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ဆိုပြီး လုပ်နေတယ်၊ ကိုယ်တိုင်လည်း နိုင်ကျဉ်းဟောင်းတစ်ဦးဖြစ်တဲ့ အတွက် လက်ကျန် နိုင်ကျဉ်းတွေ လွတ်မြောက်ဖို့ ဆရာတော်နဲ့ ပူးပေါင်းပြီး ဝန်းရံခြင်းဖြစ်တယ်" ဟု ဆရာတော်၏ ပြောရေး ဆိုခွင့်ရှိသူ ဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေ က မဇ္ဈိမ ကို ပြောသည်။

လမ်းခရီးတွင်လည်း ဆရာတော်အနေဖြင့် ဆွမ်း လုံးဝဘုန်းပေးမည်မဟုတ်သည့်အတွက် အချိုရည်၊ ဂလူးကို့တို့ကိုသာ ဆပ်ကပ် ကာ ကျန်းမာရေး အတွက် စောင့်ရှောက်မူ ပေးသွားမည်ဟု ၎င်းက ဆိုသည်။

တောင်ကြီးမြို့မှ စတင်ပြီး လမ်းလျှောက်ကြွချီ ဆန္ဒပြ တောင်းဆိုခြင်းအတွက် မြို့နယ်ရဲရုံးတွင် ခွင့်ပြုချက်တင်ထားပြီး သက်ဆိုင်ရာကလည်း ခွင့်ပြုပေးခဲ့သည် ဟု ဦးသန်းဆွေ ကပြောသည်။

ဆရာတော် ဦးရက္ခဝံသသည် ၂ဝ၁၃ခုနှစ်အတွင်း ရန်ကုန် မှ မန္တလေးသို့ လည်းကောင်း၊ မန္တလေး မှ ရခိုင် မဟာမြတ်မုနိ ဘုရားကြီးအထိ လည်းကောင်း၊ မကွေးမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမြတ်မုနိ ဘုရားအထိ လည်းကောင်း၊ လက်ကျန်နိုင်ငံရေး အကျဥ်းသားများ လွတ်မြောက်ရေး အတွက် အစာငတ်ခံ လမ်းလျှောက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။

No comments: