Monday, March 10, 2014

၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် စစ်ကိုင်းမှ ပြည်သူ ၁ဝဝ ကျော် ဆန္ဒဖော်ထုတ်

အောင်ကိုဦး

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက် စစ်ကိုင်းမြို့နေ ပြည်သူ ၁ဝဝကျော်က မတ်လ ၉ရက် နံနက် ၉နာရီတွင် တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖေါ်ထုတ်ကြသူများသည် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၅၉ (ဃ)တို့ကို ပြင်ဆင်ပေးရန် ကြွေးကြော်တောင်းဆို ခဲ့ပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားများ တန်းတူညီမျှခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုအဖြစ်ပြင်ဆင်ပေးရေး တို့ကို တောင်းဆိုကြသည်။

"ကျွန်တော်တို့ တရားဝင်ခွင့်ပြုမိန့်နဲ့ လုပ်တာပါ။ လူဦးရေတစ်ထောင်တင်တယ်။ တစ်ရာပဲခွင့်ပြုမိန့်ရတယ်။ ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒဖေါ်ထုတ်တာ စစ်ကိုင်းမြို့မှာ ဒါဟာပထမဆုံးပဲ။"ဟုဦးဆောင်သူ ကိုသန်းထိုက်ဦးက မဇ္ဈိမကို ပြောသည်။

ယခုဆန္ဒဖေါ်ထုတ်မှုသည် မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြုကြောင်းနှင့် နောက်ထပ်တစ်ကြိမ်ထပ်မံ ဆန္ဒဖေါ်ထုတ်တောင်းဆို ရန် ဆက်လက်စီစဉ်သွားမည်ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းတွင် မိမိနိုင်ငံနှင့်သင့်လျှော်သည့် နိုင်ငံ့ခေါင်းဆောင်များ၏ အရည်အချင်း သတ်မှတ်ချက်ရှိပြီး အမေရိကန် နိုင်ငံမှာပင် နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ရှိသည်။ သို့သော် ၎င်းသတ်မှတ်ချက်သည် နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး စံနှုန်းများနှင့် ညီမညီမှာ သက်ဆိုင်ရာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်နှင့် သက်ဆိုင်ဘဲမြန်မာနိုင်ငံ၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် သတ်မှတ်ထားသောအခန်း ၃၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းသတ်မှတ်ချက်များမှာ အငြင်းပွါးဖွယ် ဖြစ်နေပြီး အခန်း ၁ ပုဒ်မ ၄တွင်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်သည်ဟု ပါရှိသော်လည်း အချုပ်အခြာ အာဏာသည် နိုင်ငံသားများ အမှန်တကယ် ပိုင်မပိုင် လေ့လာကြည့်မည်ဆိုလျှင် အမှန်တကယ် မပိုင်ကြောင်း ကိုသန်းထိုက်ဦးက ဆိုသည်။

"ထင်သာမြင်သာပြရမယ်ဆို ပုဒ်မ ၅၉ (ဃ)ဗျာ။အဲဒီမှာ ဘာပါလဲ ဆို သမ္မတ ဖြစ်ချင်တဲ့သူဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေး၊ စစ်ရေး စတဲ့အမြင်တွေ ရှိရမယ်တဲ့။ အဲဒီမှာ စစ်ရေးအမြင်ဆိုတာကို ဂဃနဏ ရေးသား မထားဘူး။ လိုသလို သုံးလို့ရနေတယ်။ ဒါကြောင့် ပြင်ဆင်ဖို့ တစ်နိုင်လုံးတောင်းဆိုနေကြတာပါ"ဟု ကိုသန်းထိုက်ဦးက ပြောသည်။

ပြည်သူများက ၂ဝဝ၈ အခြေခံဖွဲ့စည်းပုံမှ ပြင်ဆင်ရမည့်အချက်များကို သိရှိစေရန် စာရွက်များဝေသွားမည်ဖြစ်ပြီး ဟောပြောပွဲ များလည်း ဆက်တိုက်လုပ်သွားရန်စီစဉ်လျှက်ရှိသည်ဟု သိရသည်။

ဆန္ဒဖေါ်ထုတ်သူများသည် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်မှ စတင်ထွက်ခွာပြီး စစ်ကိုင်းမြို့ကို ဆိုင်းဘုတ်များကိုင်ဆောင်၍ တစ်ပတ်ပတ်ကာ တကောင်းရပ်၌ပင် ဆန္ဒဖေါ်ထုတ်မှုကို အဆုံးသတ်သည်။

No comments: