Tuesday, March 11, 2014

ဝန်ကြီးဦးအုန်းမြင့် ရခိုင်ပြည်နယ် ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန် ကတိပြု

ကေဇူး

ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပြည်ထောင်စု အစိုးရထံ တင်ပြပေး မည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က ကတိပြုခဲ့သည်ဟု သံတွဲမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် အမတ် ဦးမြင့်လှိုင်က မတ်လ ၁ဝ ရက်တွင် မဇ္ဈိမကိုပြောသည်။

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်သည် ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်များရှိကျေးရွာများသို့ ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရန် အကြိုသွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းကဆိုသည်။

“အလုပ်အကိုင်မရှိတဲ့ ဒေသခံတွေအတွက် စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေ ဖန်တီးပေးဖို့ ပြောသွားတယ်၊ ကျေးလက်ဒေသ အတွက် အဓိကအခက်အခဲဖြစ်တဲ့ လမ်းပမ်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးကိုလည်း ပြည်ထောင်စုအစိုးရကို တင်ပြပေးဖို့ပြောသွားပါတယ်”ဟု ဝန်ကြီး ဦးအုန်းမြင့်ခရီးစဉ်နှင့်အတူ လိုက်ပါခဲ့သော လွှတ်တော်အမတ် ဦးမြင့်လှိုင်က မဇ္ဈိမကိုပြောသည်။

ဝန်ကြီးဦးအုန်းမြင့်သည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလအတွင်း၌ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာနှင့် ၂ဝ၁၄၊ ဇန်နဝါရီလ အတွင်း မကွေးတိုင်း မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကွင်းဆင်းလေ့လာစဉ် အစိုးရကို ထော်လော် ကန့်လန့်လုပ်ပါက အစိုးရကို ဆန့်ကျင်လျှင် အချုပ်ထဲထည့် ပစ်မည်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်၊ နယ်တကာလှည့်၍ ပါးရိုက်ရဲသူ စသဖြင့် ပြောဆိုခဲ့သူဖြစ်သည်။

No comments: