Tuesday, March 11, 2014

အောင်ဇေယျကြိုးတံတားအဆင်း ခြောက်ဘီးယာဉ် တိမ်းမှောက်

ဇော်ဇော်ထွေး

လှိုင်ယာယာမြို့နယ် အောင်ဇေယျကြိုး တံတားအဆင်း (၁) ထိပ်မှတ်တိုင်တွင် ပဲများတင်ဆောင်လာသည့် ခြောက်ဘီးကုန် တင်ယာဉ်တစ်စီးက လမ်းဘေးရှိ တက္ကစီယာဉ်တစ်စီးပေါ်သို့ တိမ်းမှောက်မှုတစ်ခု မတ်လ ၉ ရက် နံနက် ၉ နာရီကျော်အချိန်က ဖြစ်ပွားခဲ့သည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် လမ်းဘေးတွင် ကားစောင့်နေသည့် ခရီးသွား ပြည်သူလေးဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးကြီးတစ်ဦးမှာ တက္ကစီယာဉ် နှင့် ပလက်ဖောင်းကြားတွင် ပိမိပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။

“ကုန်တင်ကားက ဘရိတ်ပေါက်လာတာ ထင်တယ်။ ရှေ့ကားတစ်စီးကို ကျော်တက်ပြီးမှ လမ်းဘေးဘက်ကို ထိုးကွေ့ပြီး မှောက်ကျသွားတာ၊ ကွမ်းယာဆိုင်တစ်ခုလည်း ပါသွားတယ်”အခင်းဖြစ်နေရာတွင် မျက်မြင် တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါ ကုန်တင်ကားမှာ (၁) ထိပ်မှတ်တိုင်ရှိ ကွမ်းယာဆိုင်တစ်ခုကို တိုက်မိပြီး တက္ကစီယာဉ်ပေါ်သို့ ဘေးတိုက်အနေအထားဖြင့် တိမ်းမှောက်ခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ပဲအိတ်များဖြင့် ကားအောက် ပိမိနေသူ သုံးဦးခန့်ကိုလည်း ကားအောက်မှ ဆွဲထုတ်ပြီး ဆေးရုံသို့ တင်ပို့လိုက်ရသည်။

“လောလောဆယ်တော့ လူလေးယောက်ကို ဆေးရုံတင်ထားရတယ်။ ဒဏ်ရာပြင်းတယ်လို့ ပြောတယ်။ အမျိုးသမီးတစ်ဦးကတော့ မြင်တဲ့အတိုင်းပဲ ကားအောက်မှာ ပွဲချင်းပြီးဆုံးသွားပြီ”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိလာသည့် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် အနီးကပ်လာရောက်ကြည့်ရှုသူများပြားမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ယာဉ်ကြောရှင်းလင်းရေးများ ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရှိ ရသည်။

နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး ကားများ ရောက်ရှိလာပြီး တက္ကစီယာဉ်ပေါ် ရှိ ဂက်စ်အိုးများ ပေါက်ကွဲမှုမဖြစ်ပေါ်စေရန် ရေများပက်ဖြန်းပေးပြီး တိမ်းမှောက်နေသည့် ကုန်တင်ကားအား ပြန်လည်ဆွဲတင်ခဲ့သည်။

ကုန်တင်ယာဉ်တိမ်းမှောက်မှုတွင် တက္ကစီယာဉ်မှာ လုံးဝပျက်စီးသွားခဲ့ပြီး ကုန်တင်ယာဉ်မှာ အနည်းငယ် သာ ပျက်စီးခဲ့သည်။

အောင်ဇေယျကြိုးတံတားအဆင်း (၁) ထိပ်လမ်းဆုံမှာ ပြီးခဲ့သည့် နှစ်အတွင်းမှစ၍ ယာဉ်ကြောပိတ်ဆို့မှု များ အဖြစ်များလာပြီး နေ့စဉ်ယာဉ်ထိန်းရဲများထားရှိပြီး ယာဉ် ကြောရှင်းလင်းရေး ဆောင်ရွက်နေရသည့် နေရာတစ်ခုဖြစ်သည်။

ထို့ပြင် ယင်းမှတ်တိုင်အနီးတွင် တံတားပေါ်မှ ဆင်းလာသည့်ကားများ ဘရိတ်ပေါက်ခြင်းကြောင့် ယာဉ် မတော်တဆမှုများ မကြာခဏဖြစ်ပွားထားသည့် နေရာတစ်ခု ဖြစ်သည်။

No comments: