Thursday, March 13, 2014

ဝန်ကြီးဌာနနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဆိုများ အတည်ဖြစ်ခဲ့သည့် အခွန်ဥပဒေနှစ်ခု အတည်ပြု

ဝင်းကိုကိုလတ်

ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၁ ရက်တွင် အတည်ပြုခဲ့သည့် ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်သွယ်လုပ်ငန်းခွင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ဆွေးနွေးရာတွင် ကိုယ်စားလှယ်များ ဆွေးနွေးသည့်အဆိုများထက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အဆိုပြုချက်များကိုသာ အတည်ဖြစ်ခဲ့သည်ကို တွေ့ရသည်။

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြင်ဆင်ချက်လေးချက်နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းတွင် ပြင်ဆင်ချက်ငါးချက် အပါအ၀င် ကိုယ်စားလှယ်တချို့က ပြင်ဆင်ချက်များ တင်သွင်းခဲ့သော် လည်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အဆိုပြု ချက်များသာ အတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

“၂၀၁၅ ဧပြီ ၁ ရက်ကစပြီးမှ ကောက်မယ်ဆိုရင် တစ်နှစ်လောက် စောင့်ရမယ့်သဘောမျိုး ဖြစ်နေတယ်။ အများပြည်သူတွေ စီးပွားရေးလုပ်တဲ့အခွန်များ တစ်နှစ်နီးပါး လွတ်သွားမှာပါ။ သိန်းပေါင်းထောင်သောင်း ချီပြီး နိုင်ငံတော်ဘဏ္ဍာငွေတွေကို တစ်နှစ်လောက် စောင့်နေရတဲ့ သဘောဖြစ်နေတယ်။ အားလုံးကို ပြန် စဉ်းစားသင့်ပါတယ်”ဟု ဒေါ်တင်နွယ်ဦးက ဆိုသည်။

မတ်လ ၁၁ ရက် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်အစီအစဉ်တွင် ၀င် ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး တစ်ပုဒ်ချင်းစီလိုက် ဆွေးနွေးအတည်ပြုရာ တွင် ၀င်ငွေခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး မရှင်းလင်းမှုများအပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဖွဲ့ဝင်တို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က “ရသင့်ရထိုက်သောအခွန်များ မလွတ်ကင်း စေရေး၊ အပြည့်အ၀ရရှိစေရေး၊ တစ်ဖက်ကလည်း ဆောင်ရွက်နေတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိဆောင်ရွက်နေတဲ့၊ ဆောင်ရွက်ဆဲလုပ်ငန်းတွေနဲ့ ဆောင်ရွက်ဆဲ အခွန်ကောက်မှုဆိုင်ရာလုပ်ငန်း များအပိုင်းကို ထည့်သွင်းစဉ်စားရမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒီနေရာမှာ ၀င်ငွေခွန်ဥပဒေ ပုဒ်မ ၃/(ဇ)ဟာ ၀င်ငွေနှစ်ဆိုသည်မှာ ၀င်ငွေရရှိသည့်နှစ်ကို ဆိုသည်ဟု ရှင်းပါတယ်။ ဒီနှစ် ၂၀၁၄-၁၅ ၀င် ငွေနှစ်မှ စတင်အကျိုးသက်ရောက်မည် ဖြစ်တဲ့အတွက် ဒီနှစ်မှာရတဲ့ ၀င်ငွေတွေမှစပြီးတော့ စတင် တွက် ချက်တော့မှာ ဖြစ်ပါတယ်”ဟု ပြန်လည်ရှင်းလင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော်တို့က ဥပဒေရဲ့ရည်ရွယ်ချက် Spirit of Law သာ အဓိကကျပါတယ်။ Letter of law စောစောကစည်းကြပ်နှစ်လို့ပဲ ရေးရေး၊ ၀င်ငွေနှစ်လို့ပဲ ရေးရေး အဓိပ္ပာယ်က ဒါပါပဲ၊၂၀၁၄-၁၅ မှာဝင်မယ့် ၀င်ငွေပေါ်မူတည်ပြီး အခွန်စည်းကြပ်မှာ ဖြစ်တယ်ဆို တာ အားလုံးနားလည်လက်ခံမယ်ဆိုရင်တော့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သာမန်မဲများလို့ ဒီမိုက ရေစီ အနိုင်ကျင့်တာမဟုတ်ဘူးဆိုတာ ပေါ်လွင်အောင် ရှင်းလင်းဖော်ပြခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ် ၀င်ငွေခွန်ဥပဒေကို မတ်လ ၂၂ ရက်တွင် ပြင်ဆင်ချက်ထုတ်ပြန်ခဲ့ပြီး ၁၉၈၉ -၉၀ ဘဏ္ဍာနှစ် ဧပြီလမှစတင်ကာ စည်းကြပ်၍ အကျိုးသက်ရောက်ခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်တွင်လည်း ၀င်ငွေခွန်ဥပဒေကိုပြင်ဆင်ရာတွင် မတ်လ ၃၀ ရက်၌ ပြင်ဆင်ခဲ့ပြီး စည်းကြပ်ကောက်ခံမှုများကို ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စတင်အကျိုးသက်ရောက်ခဲ့သောကြောင့် ၂၀၁၄ ခုနှစ်၊ မတ်လအတွင်း ယခု လွှတ်တော်တွင် ပြင်ဆင်ချက် ဆောင်ရွက်နေသော ၀င်ငွေခွန်ဥပဒေများကို ယခင်နည်းများအတိုင်း ၂၀၁၄ ခုနှစ်၊ ဧပြီလပထမပတ်အတွင်း စတင်စည်းကြပ်ကောက်ခံရန် ဒေါ်တင်နွယ်ဦးက တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။

No comments: