Thursday, March 13, 2014

ပုံးအင်း တောင်သူများ လယ်ယာမြေ မှတ်ပုံတင် လိုအပ် မြေစာရင်း ဌာန လာမလုပ် ပေးသေး

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း

စိုက်ပျိုးရေးဘဏ် မှချပေးသော ချေးငွေများ ထုတ်ယူ ချေးငှားရန် အတွက် လယ်ယာမြေ မှတ်ပုံတင် မရှိမဖြစ် လိုအပ်သဖြင့် မြေစာ ရင်းဌာနမှ လာရောက် လုပ်ပေးမည့် ရက်ကို သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် ပုံးအင်း ဒေသ လယ်သမားများ မျှော်နေ ကြကြောင်း စုံစမ်းသိရှိရသည်။

ဖဖော်ဝါရီနောက်ဆုံးပတ်အတွင်းတောင်ကြီးမြို့ ၊ စိုက်ပျိုးရေးဘဏ်တွင် စိုက်ပျိုးစရိတ်ချေးငွေရရှိရေး အတွက် ဒုတိယအကြိမ်မြောက် ပုံးအင်းကျေးရွာအုပ်စု ရွာပေါင်း(၁၇) ရွာရှိ တောင်သူ (၃၀၀) ဦး ခန့် စိုက်ပျိုးစရိတ် ချေးငွေများလာရောက် ထုတ်ယူ ရာတွင် လယ်ယာမြေမှတ်ပုံတင်မရှိသူများ အခက်တွေ့ ရကြောင်း ပုံးအင်းကျေးရွာနေတောင်သူတစ်ဦးကပြောသည်။

“လယ်ယာမြေမှတ်ပုံတင်မရှိရင် စိုက်ပျိုးစရိတ်ချေးငွေတွေလည်းထုတ်လို့မရဘူး၊ နောက်ပြီး လက်ရှိ တိုင်းပြည်ရဲ့အခြေအနေက လယ်သိမ်း ယာသိမ်းတွေ သိပ်ခေတ်စား နေတော့ စိတ်မချရဘူး။ မြေစာရင်းဌာနကို ခဏခဏတောင်းဆိုထားပါတယ် ။ မြေစာရင်းက လာလုပ်ပေးမယ်လို့ပြောတာ ငါးကြိမ်ရှိသွားပြီ။ လာမလုပ်ပေးသေးဘူး ” ဟု ဆိုသည်။

မိုးစပါးတဧက ငွေကျပ်တစ်သိန်းနှုန်း ၊ အခြားသီးနှံတဧက နှစ်သောင်းကျပ် ၊ ချေးငွေ အတိုးနှုန်းမှာ ငွေတစ်ရာကျပ်လျှင် ၇၁ ပြားဖြစ်ကြောင်း၊ သို့သော်တစ်ဦးလျင်ချေးငွေ ကျပ် (၁၀) သိန်းသာထုတ် ယူခွင့် ရှိကြောင်း နှင့် နိုဝင်ဘာလမှ ဇန်နဝါရီလ ကုန်အတွင်းသာ ချေးငွေထုတ် ပေး ကြောင်း လယ်သမား တဦးကဆက်လက်ပြောပြသည်။

“ကျနော်တို့က မရှိလို့ချေးငွေလာထုတ်ပါတယ်ဆိုမှ ငွေတစ်သိန်းကို တစ်ထောင်ကျပ်နှုန်း အဖြတ်ခံ လိုက်ရတယ်။တစ်ချို့ဆိုရင်လယ်ယာမြေမှတ်ပုံတင်တွေ ရှိရက်သားနဲ့ ချေးငွေထုတ်ခွင့် မရကြပါဘူး ” ဟု ဆိုင်လေး ရွာမှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရန် ကျေးရွာအုပ်စုလက်မှတ်၊ မြေစာရင်းလက်မှတ် ၊ မြို့နယ်ရုံးစာရေး လက်မှတ် လယ်ယာမြေမှတ်ပုံတင်လျှောက်လွှာ ၊ ပုံစံ (၁၀၅) ပါရှိမှသာ ချေးငွေထုတ်ပေးကြောင်း ပုံးအင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဖြူကြီးကဤကဲ့သို့ ပြောပြသည်။

“လယ်လုပ်စားတဲ့သူမှန်မှ ချေးငွေထုတ်ပေးတာပါ ၊အငှားလိုက်အလုပ်သမားတွေမပါဘူး၊ ငွေတစ်သိန်းမှာ တစ်ထောင် နုတ်ယူတယ်ဆိုတာကလည်း စာရွက်စာတမ်းဖိုးပါ၊ တောင်သူတွေ ကကြည်ဖြူလို့ ပေးကြတာပါ ”

တစ်နှစ်လျှင် စိုက်ပျိုးစရိတ်အတွက် ချေးငွေ နှစ်ကြိမ်ထုတ်ပေးပြီး ဒီဇင်ဘာလတွင် ပြန်ဆပ်ရမည်ဖြစ် ကြောင်း ၊ လယ်ယာပိုင်ဆိုင်မှုမှန်ကန်ရန်အတွက် ယင်းကျေးရွာများမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဖွဲ့ထားကြောင်း အုပ်ချုပ်ရေးမှူးထံမှ ဆက်လက်သိရပါသည်။

No comments: