Friday, March 14, 2014

ပူတာအို၊ မိုင်းလားနှင့် ကိုကိုကျွန်းတွင် သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီး

ရွှေအောင်

ပူတာအို၊ မိုင်းလားနဲ့ ကိုကိုကျွန်းတို့မှာ သန်းခေါင်စာရင်းကောက်ပြီးသွားပြီလို့ ပြည်သူ့ အင်အားဦးစီးဌာနက ပြောပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ရှမ်းပြည်နယ်အရှေပိုင်း မိုင်းလားဒေသအထူး ၄ နဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းတို့ဟာ ဝေးလံခေါင်းပါးဒေသတွေဖြစ်တာနဲ့ ဒေသခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကြောင့် အဲ့ဒီဒေသတွေမှာ သန်းခေါင်စာရင်း ကြိုကောက်ခဲ့တာပါ။

အဆိုပါဒေသ ၃ ခုမှာ သန်းခေါင်စာရင်းကောက်ယူမှုတွေ ပြီးစီးသွားပြီလို့ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

“ပူတာအိုက ဝေးလံခက်ခဲပါတယ်။ နောက် ကျမတို့ လမ်းလျှောက်ရတဲ့အချိန် ဥပမာ ခေါင်လံဖူးတို့၊ ပန်နန်းဒင် တို့ ဆိုရင် ၂ ပတ်လောက် လမ်းလျှောက်ရတယ် ပြောပါတယ်။ ပစ္စည်းတွေ ကြိုရောက်ရှိရေး၊ နောက်တခါ မတ်လ ရောက်တဲ့အချိန်မှာ ရေခဲတောင်တွေ အရည်ပျော်ပါတယ်။ သွားရေးလာရေး အလွန်ခက်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ ကျမတို့ ကြိုပြီးကောက်တာပါ။ မိုင်းလားဒေသရဲ့ တောင်းဆိုချက်အရလည်း ကျမတို့ ကြိုပြီးကောက်တာပါ။”

ကောက်ယူရရှိတဲ့ လူဦးရေစာရင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာမှပဲ ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မိုင်းလားဒေသအထူး ၄ က အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် စိုင်းရီက သင်တန်းပေးပြီးမှ ကောက်တာမို့ သန်းခေါင်စာရင်းကောက်တာ အဆင်ပြေတယ်လို့ ပြောပါတယ်။

“အဆင်ပြေပါတယ်။ မနေ့က ပြီးသွားပြီ။ သင်တန်းပေးပြီးမှ ၂၀ ရက်နေ့စတာ၊ အခု ၁၂ ရက်နေ့က ပြီးတာ။ အခက်အခဲတော့ မရှိပါဘူး။”


ဝ အထူးဒေသ ၂ မှာ မတ်လ ၁၇ ရက်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ စတင် သင်တန်ပေးပြီး တတိုင်းပြည်လုံး မကောက်ယူခင် လေးငါးရက် ကြိုတင်ကောက်ယူမယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှာကတော့ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်အထိဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာမှ အခုလို ပြန်လည်ကောက်ခံမှာ ဖြစ်ပါတယ်။

No comments: