Friday, March 14, 2014

မြန်မာနိုင်ငံတွင် တရုတ်လက်ဖက်ခြောက်သုံးစွဲမှု ၆၅ ရာခိုင်နှုန်းအထိရှိဟု ဆို

သီဟကိုကို

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ် လက်ဖက်အချိုခြောက်သုံးစွဲမှုမှာ ၃၅ ရာခိုင်နှုန်းသာရှိပြီး တရုတ်နိုင်ငံ ထုတ် လက်ဖက်အချိုခြောက် သုံးစွဲမှုမှာ ၆၅ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုဌာနမှညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

ပြည်တွင်းထုတ် လက်ဖက်အချိုခြောက်သည် တစ်ကြိမ်ကြိုချက်ပြီးလျှင် မည်းညစ်သွားလေ့ရှိပြီး တရုတ် နိုင်ငံထုတ် လက်ဖက်အချိုခြောက်များမှာမူ နှစ်ကြိမ်၊ သုံးကြိမ်ခန့်ထိ ကြိုချက်နိုင်သည့်အတွက် တရုတ် နိုင်ငံထုတ် လက်ဖက်ခြောက်များကို လက်ဖက်ရည်ဆိုင်များက ပိုမိုအသုံးပြုခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။

ဒေါ်အေးအေးဝင်းက “လက်ဖက်ပင်ကနေ ထွက်တာချင်းအတူတူ တရုတ်လက်ဖက်က ဘာကြောင့် မြန် မာလက်ဖက်ထက် ပိုကောင်းနေရတာလဲဆိုတာကို ဂျာမနီမှာရှိတဲ့ GIZ က စမ်းသပ်နေပါတယ်။ တရုတ် လက်ဖက်ရော၊ မြန်မာလက်ဖက်ရောကို စမ်းသပ်စစ်ဆေးနေတာပါ။ ထူးခြားချက်တစ်ခုခုကိုတွေ့ရင် သူ တို့ဘက်က ဒီကိုပြန်လာပြီး ဆောင်ရွက်စရာရှိတာကို ပြန်လာလုပ်ပေးမှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လက်ဖက်အသင်း၏ အတွင်းရေးမှူးဦးကိုကိုနိုင်က “ဈေးနှုန်းပိုင်းအရ ပြည်တွင်း ထုတ်နဲ့ တရုတ်က ကွာခြားမှုမရှိပါဘူး။ အရည်အသွေးဆိုတာထက် ဈေးကွက်လိုအပ်ချက်ကို ပြည်တွင်း လက်ဖက်ခြောက်တွေက မဖြည့်ပေးနိုင်ဘူး။ တရုတ်တွေက လက်ဖက်စိုက်တဲ့နေရာမှာ ထွက်နှုန်းအား ကောင်းဖို့ ဓာတ်မြေသြဇာသုံးတာများလို့ ကမ္ဘာမှာတော့ တရုတ်လက်ဖက်ခြောက်အချိုကို သိပ်မသုံးကြ ပါဘူး”ဟု ပြောသည်။

လက်ဖက်ခြောက် စိုက်ပျိုးထုတ်လုပ်သည့် နည်းပညာပိုင်းတွင် အားနည်းလျက်ရှိပြီး လက်ဖက်ခူးရန် လုပ်သားရှားပါးသည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံတွင် နည်းပညာအကူအညီများပေးလျက်ရှိသည့် ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းမှ အရည်အ သွေးပိုမိုကောင်းမွန်မည့် လက်ဖက်ခြောက်များ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပတ် သက်သည့် ခေတ်မီနည်းစနစ်များကိုပါ သင်ကြားပေးနေရသည်ဟု သိရသည်။

တရုတ်လက်ဖက်ခြောက်အချိုအား ရန်ကုန်မြို့တွင် သုံးစွဲမှုအများဆုံးဖြစ်ပြီး နယ်ဒေသများတွင်မူ ပြည် တွင်းထုတ် လက်ဖက်ခြောက်အချိုသာ သုံးစွဲမှုများပြားသည်ဟု သိရသည်။ လက်ဖက်ခြောက်အကြမ်း ခြောက်ကိုမူ ပြည်တွင်းထုတ်လက်ဖက်ခြောက်များသာ သုံးစွဲမှုများနေသည်ဟု လက်ဖက်လုပ်ငန်းရှင်များ က ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် လက်ဖက်ခြောက် အချိုတန်ချိန်၂၀ ခန့်ကို ထိုင်ဝမ်သို့ စမ်းသပ် တင်ပိုခဲ့သည်ဟု လက်ဖက်လုပ်ငန်းရှင်များက ဆိုသည်။ မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိက စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။

No comments: