Wednesday, March 19, 2014

မီတာခတိုးမြှင့် သင့်၊ မသင့် နှစ်ရက်အတွင်း ဆုံးဖြတ်မည်

မင်းမင်း

နိုင်ငံတစ်ဝန်းတွင် ဧပြီလ ၁ ရက်ကစပြီး မီတာခတိုးမြှင့်ကောက်ခံရန် သမ္မတနှင့် လျှပ်စစ်ဝန်ကြီးဌာနတို့ ၏ အဆိုပြုတင်ပြချက်အပေါ် တိုးကောက်ရန် သင့်၊ မသင့်ကို မတ်လ ၁၉ ရက်တွင်ပြုလုပ်မည့် ပြည် ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်မည်ဟု နာယကသူရဦးရွှေမန်းက ဆုံးဖြတ်သည်။

မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံရေးကို သမ္မတက “တိုးမြှင့်ကောက်ခံရန် စီမံထားရှိပါသဖြင့် ထိုသို့ တိုးမြှင့်ကောက်ခံရန်လိုအပ်ကြောင်း အခြေအနေမှန်နှင့် ရေရှည်ရည်မှန်းချက်ကို ပြည်သူများ နားလည် အမြင်ရှင်းစေရေး လွှတ်တော်မှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါရန်”ဟု မတ်လ ၁၄ ရက်တွင် ပြည် ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာပို့ထားသည်။

လက်ရှိတွင် နိုင်ငံအ၀ှမ်းရှိ အိမ်ထောင်စုပေါင်း၏ ၃၀ ရာခိုင်နှုန်းကိုသာ နိုင်ငံပိုင်ဓာတ်အားဖြင့် ဖြန့်ဖြူးပေးနိုင်ပြီး ယခုကဲ့သို့ မီတာခတိုးမြှင့်ကောက်ခံပြီး လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည် ဆောက်မည်ဟုလည်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်သို့ မတ်လ ၁၇ ရက်တွင် ရှင်းပြခဲ့သည်။

“လျှပ်စစ်မီးမရတဲ့နေရာတွေ လျှပ်စစ်မီးရမယ်။ နောက် လိုင်းတွေအများကြီး တိုးချဲ့မယ်လေ။ အဓိကတော့ ပြည်နယ်တွေ၊ တိုင်းတွေမှာ လျှပ်စစ်မီးရသွားမှာပေါ့။ အဓိက ကျွန်တော် အဲ့ဒီအတွက် လာပြောတာပါ”ဟု လွှတ်တော်အစည်းအဝေးအပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ထိုကဲ့သို့ တိုးကောက်ရန်လျာထားသည့် မီတာခနှုန်းထားအပေါ် လွှတ်တော်အမတ် ၁၂ ဦးက ဆွေးနွေးခဲ့ ပြီးအများစုက ထောက်ခံခဲ့ကြသည်။ သို့သော် မီတာခ တိုးမြှင့်ကောက်ခံသလို အခြားတစ်ဖက်တွင်လည်း လျှပ်စစ်မီးမရသေးသည့် ဒေသများအတွက် အကောင်အထည်ဖော်ပေးသင့်သည်ဟု အမတ်တို့က ဆို သည်။

“ထိထိရောက်ရောက် တကယ်ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ခံနိုင်ဖို့ လိုပါတယ်။ တိုးတော့ကောက်လိုက် တာပဲ။ ပြီးတော့ ဒုံရင်း၊ ဒုံရင်းဆိုတာတွေဟာ ကျွန်တော်တို့တစ်သက်လုံး ခံစားလာရတာတွေလည်း များ ပါပြီ။ ဒါကြောင့် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်အောင် စီမံဆောင်ရွက်ပေးသင့်ပါတယ်”ဟု ရန်ကုန်တိုင်းမှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးက ထောက်ပြခဲ့သည်။

မီတာခများ တိုးမြှင့်ကောက်ခံရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း အစိုးရက ကြေညာလိုက်ပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သေးသည်။ သို့ သော် ယခုလွှတ်တော်သို့ ပြန်လည်တင်ပြလာသည့် နှုန်းထားမှာမူ ထိုစဉ်ကထက် အနည်းငယ် လျှော့ နည်းသည်။

လာမည့်ဧပြီလ ၁ ရက်တွင် တိုးမြှင့်ကောက်ခံမည်ဟု အစိုးရ ထပ်မံလျာထားသည့် မီတာခနှုန်းထားများ မှာ အိမ်သုံးတစ်ယူနစ်မှ ယူနစ်တစ်ရာထိ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှ၂၀၀ ယူနစ်ထိ တစ် ယူနစ်လျှင် ၄၀ ကျပ်နှုန်းနှင့် ၂၀၁ ယူနစ်နှင့်အထက်မှာ တစ်ယူနစ်လျှင် ၅၀ ကျပ်နှုန်းဖြစ်သည်။

No comments: