Wednesday, March 19, 2014

ယူနတီဂျာနယ်အမှုနဲ့ ပတ်သက်တဲ့ တရားလိုတွေကို ရုံးတင်စစ်ဆေး

ABC

ယူနတီဂျာနယ်က ​အမှုဆောင်အရာရှိချူပ် ​တစ်ဦးနဲ့ ​သတင်းထောက် ​၄ ​ဦးကို ​နိုင်ငံတော် ​လျို့ဝှက်ချက် ​ပေါက်ကြားမှု ​ဥပဒေပုဒ်မနဲ့ ​တရားစွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ​တရားလိုတွေကို ​စတင်စစ်ဆေးခဲ့ရာမှာ ​အမှုနဲ့ညှိစွန်းတာမပေါ်ပေါက်ခဲ့ဘူးလို့ ​သိရပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​တရားခံဘက်က ​လိုက်ပါဆောင်ရွက်ပေးနေတဲ့ ​ရှေ့နေ ​ဦးရောဘတ်ဆန်းအောင် ​က ​အခုလို ​ပြောပါတယ်။

“မနေ့က ​စပြီးတော့ ​ကပစ ​၂၄ ​က ​ဌာနမှူး ​ဒုတိယ ​ဗိုလ်မှူးကြီး ​ကျော်ကျော်ဦး ​ဆိုတဲ့ ​တရားလိုကို ​စတင်စစ်ဆေးပါတယ်။ ​မနက်ကို ​၁၀ ​နာရီ ​သာသာလောက်ကစစ်တာ ​တစ်နာရီခွဲမှာ ​ပြီးပါတယ်၊ ​၂ ​နာရီခွဲမှာ ​ဒုတိယ ​လိုပြသက်သေဖြစ်တဲ့ ​ဗိုလ်ကြီးထက်ဝေအောင် ​ကို ​ဆက်လက်စစ်ဆေးပါတယ်၊ ​ရုံးချိန်က ​၄ ​နာရီခွဲ ​ကုန်ဆုံးသွားတဲ့အတွက် ​ကနေ့ပြန်ချိန်းတယ် ​အဲ့တော့ ​ကနေ့လည်း ​ဗိုလ်ကြီးထက်ဝေအောင် ​ကို ​ကျနော်တို့ ​စွတ်စွဲခံရသူတွေဖက်ကလည်း ​အပြန်အလှန်မေးခွန်းမေးပြီး ​တော့ ​ပြီးဆုံးသွားပါတယ် ​နောက် ​တရားလိုပြ ​သက်သေ ​ဖြစ်တဲ့ ​အရပ်သား ​လယ်သမား ​ဦးကြည်ဝင်းကို ​စစ်ဆေးခဲ့ပါတယ် ​ပေါ်ပေါက်တဲ့ ​အချက်အလက် ​အရကတော့ ​အခု ​လောလောဆယ် ​လျို့ဝှက်ထားတဲ့ ​စက်ရုံမဟုတ်ဘူးဆိုတာရယ်၊ ​ဓါတုလက်နက် ​ထုတ်လုပ်တာ ​မဟုတ်ဘူးဆိုတာရယ် ​ပေါ်ပေါက်တဲ့အတွက် ​စွဲဆိုထားတဲ့ ​အမှုနဲ့တော့ ​ညှိစွန်းချက်က ​အခုချိန်ထိတော့ ​မပေါ်ပေါက်သေးဘူး။”

တရားစွဲဆိုခံထားရတဲ့ ​သတင်းထောက်တွေထဲက ​ပခုက္ကူအခြေစိုက် ​သတင်းထောက် ​ကိုလူမောင်နိုင် ​ဟာ ​ထောင်တွင်းကျန်းမာရေးမကောင်းတဲ့အတွက် ​တရားရုံးမှာ ​အာမခံလျောက်ထားခဲ့တာ ​ကိုတော့ ​တရားရုံးက ​ပယ်ချခဲ့တယ်လို့ ​ရှေ့နေ ​ဦးရောဘတ်ဆန်းအောင် ​က ​ဆက်ပြောပါတယ်။

“အာမခံကိစ္စနဲ့ ​ပတ်သက်ပြီးတော့ ​အမှတ် ​၅ ​စွတ်စွဲခံရသူ ​လူမော်နိုင်က ​အစာအိမ်ရောဂါလည်း ​ဖြစ်တယ်၊ ​သရက်ရွက်ကလည်း ​မကောင်းဘူး၊ ​ကျောမှာလည်းပဲ ​ရေယုံတွေပေါက်ပြီးတော့ ​ထိုင်လို့ ​ခါးနာနေတယ်၊ ​ဒါပေမယ့် ​ကျနော်တို့ ​အာမခံ ​လျောက်ထားတာကို ​မနေ့က ​ပယ်တယ်၊ ​ဒါပေမယ့် ​ထောင်မှာ ​အထူးကုဆရာဝန်တွေ ​စစ်ဆေးဖို့ ​အတွက် ​ထောင်က ​ဆရာဝန် ​က ​ညွန်းကြားပေးမယ်လို့ ​ပြောပါတယ်။”

ယူနတီဂျာနယ်က ​သတင်းထောက်တွေကိုစွဲဆိုထားတဲ့ ​နိုင်ငံတော် ​လျို့ဝှက်ချက် ​ဥပဒေပုဒ်မ ​၃ ​(၁) ​(က) ​/ ​၉ ​နဲ့အရေးယူခံထားရတဲ့အမှုမှာ ​တရားလိုပြသက်သေ ​၄၀ ​ကျော် ​ဆက်လက် ​စစ်ဆေး ​ဖို့ရှိပြီး ​အပတ်စဉ် ​တနင်္လာနဲ့ ​အင်္ဂါနေ့တွေမှာ ​စစ်ဆေးသွားဖို့ ​ရှိတယ်လို့လည်း ​သိရပါတယ်။

ဒါပေမယ့် ​လာမယ့် ​တပတ် ​မတ်လ ​၂၄ ​ရက်နဲ့ ​၂၅ ​ရက်နေ့ ​ရုံးချိန်းကိုတော့ ​မကွေးတိုင်း ​တရားလွှတ်တော်က ​တရားသူကြီးချူပ်က ​ရုံးချူပ်ကို ​သွားစရာရှိတာရယ် ​အကျဉ်းထောင်အတွင်း ​၀င်ရောက်စစ်ဆေးဖို့တွေ ​ရှိတာတွေ ​ကြောင့် ​မတ်လ ​၃၁ ​ရက်နေ့နက ​ဧပြီလ ​၁ ​ရက်နေ့ကို ​တခါတည်း ​ရုံးချိန်း ​ပြောင်းလဲခဲ့တယ်လို့လည်း ​သိရပါတယ်။

ဒီအမှုဟာ ​ပြီးခဲ့တဲ့ ​ဇန်န၀ါရီလ ​၂၅ ​ရက်နေ့ထုတ် ​ယူနတီဂျာနယ်မှာ ​ဗိုလ်ချူပ်မှူးကြီးဟောင်း၊ ​တရုတ်ပညာရှင်နှင့် ​လက်ရှိ ​ကာ/ချူပ်တို့၏ ​ပေါက်မြို့နယ်မှာ ​လျို့ဝှက်ဓာတုလက်နက်စက်ရုံ ​ဆိုတဲ့ ​ခေါင်းစဉ်နာမည်နဲ့ ​ ပခုက္ကူခရိုင် ​ပေါက်မြို့နယ်က ​အမှတ် ​၂၄ ​ကာကွယ်ရေးပစ္စည်းစက်ရုံ ​အကြောင်းကို ​ဒေသခံလယ်သမားတွေ၊ ​စက်ရုံအလုပ်သမားတွေရဲ့ ​ပြောဆိုချက်တွေကို ​ကိုးကားပြီး ​ဂျာနယ်မှာ ​ဆောင်းပါး ​ရေးသား ​ဖော်ပြခဲ့တဲ့အတွက် ​တရားစွဲဆိုခံထားရတာဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ ​ထားပါတယ်။

No comments: