Wednesday, March 19, 2014

သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်၊ လှည်းနွားပါ လေလံပစ် မဖြစ်ရန် သူရဦးရွှေမန်း သတိပေး

စိုးသန်းလင်း

သစ်တောဥပဒေ၊ နည်းဥပဒေတို့က စီးပွားဖြစ်မဟုတ်သော အိမ်သုံး၊ လယ်ယာသုံး၊ ငါးဖမ်းလုပ်ငန်းသုံးတို့ အတွက် ဒေသခံပြည်သူတို့ သစ်ထုတ်လုပ်ယူခွင့် ပေးထားသော်လည်း လက်တွေ့၌ ထိုသို့ဆောင်ရွက်မိ သော ပြည်သူတို့ ကျွဲ၊ နွားလှည်းများ ဆုံးရှုံးရုံသာမက ထောင်ပါကျရမည့် ဖြစ်ရပ်များ နိုင်ငံတ၀န်း ရှိနေ ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးနှင့် လွှတ်တော်ကပါ ပူးပေါင်းဆောင်ရွက်မှသာ အဆိုပါဖြစ်ရပ် များ ပြေလည်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ အမေးအဖြေအစီအစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။

“ဒေသခံတောင်သူလယ်သမားတွေဟာ အိမ်ဆောက်ဖို့ မျှောသားတွေခုတ်တာ၊ ထင်းအတွက် ကိုယ်တစ် နိုင်သုံးဖို့ ခုတ်ရင်းသယ်ရင်းက ဒီလိုပြဿနာတွေ ဖြစ်နေကြပါတယ်၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ တရား ရုံးတင်တာ၊ ထောင်ဒဏ်ကျတာ၊ လှည်းနွားတွေ သိမ်းပြီး လေလံပစ်ခံရတာတွေ ရှိနေကြပါတယ်၊ ဒီကိစ္စ က သစ်တောရေးရာဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်လို့ရနိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ ၀ိုင်းဝန်းဖြေရှင်းကြ မှသာ ပြေလည်နိုင်ပါတယ်၊ ဒါကြောင့် သက်ဆိုင်ရာ လွှတ်တော်ရေးရာ ပြည်သူ့အင်အားစီမံခန့်ခွဲရေး ကော်မတီဘက်ကလည်း လိုပါမယ်။ သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တရား လွှတ်တော်ချုပ်ဘက်ကလည်း လိုပါလိမ့်မယ်။ ဒါသည် အစိုးရအဖွဲ့မှာသာ တာဝန်ရှိတာမဟုတ်ဘဲ လွှတ်တော်မှာလည်း တာဝန်ရှိတဲ့အတွက် ဒီလုပ်ငန်းတွေမှာ သွားရောက် ဆောင်ရွက်ဖို့လိုတယ်။ ဒီလိုပဲ ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လွှတ်တော်မှာ မှတ်တမ်းတင်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေ၏ “ဒေသခံပြည်သူတို့ စီးပွားဖြစ် မဟုတ်သော မိမိသုံးသစ်များ ထုတ်လုပ်သယ်ယူခြင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုကာ တရားရုံးက ထောင်ဒဏ်ချခြင်း စသည်တို့နှင့်ပတ်သက်ပြီး အဖမ်းခံရသည့်အခါ တရားရုံးမတင်ဘဲ သစ်တောဦးစီးဌာန ၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ၍ ရ၊ မရ”ဟူသော အမေးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက ဖြေကြားအပြီး လွှတ်တော်နာ ယကက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးခင်မောင်ရွှေက “တရားရုံးတင်လိုက်ရင် တရားသူကြီးများက သစ်မှုဆိုတာနဲ့ နည်းနည်း၊များများ ထောင် ချရမှာပဲလို့ ခံယူချက်ရှိနေတဲ့အတွက် ပြီးခဲ့တဲ့နှစ်ထဲမှာ ကျွန်တော်တို့ဒေသက တောင်သူအချို့ ကျွဲ၊ နွား လှည်းတွေလဲ အသိမ်းခံရ၊ ထောင်လဲကျခဲ့ကြပါတယ်၊ တရားသူကြီးနဲ့ ကျွန်တော် တွေ့တော့လဲ သစ်မှုဆို ရင် ထောင်ချရမယ်လို့ အထက်က ခိုင်းထားတယ်လို့ ပြောပါတယ်”ဟု အစချီ ရှင်းပြပြီးမှ အစိုးရအဖွဲ့သို့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ယခင်ကဆိုလျှင် ဒေသခံပြည်သူတို့ မိမိအိမ်သုံးအတွက် သစ်လိုအပ်သည့်အခါ သစ်တောဦးစီးဌာနသို့ သွားခဲ့ပြီး လိုအပ်သည့် သတ်မှတ်ပမာဏအတွင်းရှိ သစ်တန်အတွက် လျှောက်လွှာတင်ရကြောင်း၊ လိုင် စင်လဲ ချပေးကြောင်း၊ လိုင်စင်ရချိန်တွင် သစ်တောဝန်ထမ်းများက တောထဲအထိ လိုက်လာပြီး တံဆိပ် ရိုက်ပေးကြောင်း၊ ယခုနောက်ပိုင်း ဤသို့ လျှောက်ခွင့်မရှိသည့်အတွက် ကိုယ်ပိုင်သုံးသစ်များကို ဥပဒေနှင့်မညီဘဲ ထုတ်လာကြရသဖြင့် မလိုလားအပ်သော ဖြစ်ရပ်များ ကြုံရကြောင်း၊ ကိုယ်ပိုင်သုံး သစ်ထုတ် ခွင့်ကို စနစ်တကျ စီမံပေးမည်ဆိုလျှင် အားလုံး အဆင်ပြေနိုင်မည်ဖြစ်၍ သစ်တောရေးရာဝန်ကြီးဌာနက ဤသို့ညွှန်ကြားထားသည်များ ရှိပါသလားဟုလည်း ၎င်းက မေးမြန်းခဲ့သေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးက “ယခင် အေးချမ်းဖြိုးအစိုးရလက်ထက်တွင် နည်းဥပဒေပါ အချက်အလက်များ အတွက် ပြည်သူ လူထုကို ခံစားခွင့်မပြုခဲ့ပါဘူး၊ သစ်အသုံးပြုသူများ ဘက်ကရော ကြပ်မတ်ဆောင်ရွက်ရတဲ့ ၀န်ထမ်းများဘက်ကပါ နှစ်ဖက်စလုံး ရိုးသားဖြောင့်မတ်မှု မရှိခဲ့ ကြလို့ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

“ဒီကိစ္စကို ပြတ်ပြတ်သားသား ဆင့်ကဲဆင့်ကဲ ညွှန်ကြားနေပါတယ်၊ အကယ်၍များ အောက်ခြေအထိ မရောက်သေးရင်လဲ ကျွန်တော်တို့ကို အကြောင်းကြားပါ၊ ပြန်စိစစ်ပေးပါ့မယ်” ဟုလည်း ဦးဝင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

မိမိသုံး သစ်ထုတ်လုပ်သယ်ယူကြသည့် ဒေသခံပြည်သူတို့ အဖမ်းခံရ၊ လှည်းနွား အသိမ်းခံ၊ ထောင်ချခံ ရခြင်းတို့အတွက် သစ်တောရေးရာဝန်ကြီးဌာန တစ်ခုတည်းက ဖြေရှင်းပေး၍မရကြောင်း၊ ဥပဒေကို ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ အကောက်ခွန်နှင့် တပ်မတော်စသည့် အဖွဲ့အစည်းများလည်း ရှိနေသေးကြောင်း၊ ထိုကြောင့် နည်းဥပဒေက ပေးထားသည်မှန်သော်လည်း မိမိသုံးသစ်များ ထုတ်လုပ်ခွင့်ကို မြို့နယ်အဆင့်တွင် လျှောက်ထားကြပြီး ခွင့်ပြုချက်ရမှသာ သယ်ယူကြစေလိုကြောင်း ၀န်ကြီးက မဇ္ဈိမကို ဖြေကြားခဲ့သည်။

No comments: