Sunday, March 16, 2014

အမတ်တို့ တောင်းဆိုချက်များ အစိုးရ ဆောင်ရွက်ပေးမှု အခြေအနေ အစီရင်ခံစာ ယခုလကုန် ထွက်မည်

မင်းမင်း

လွှတ်တော်အမတ်တို့ တင်ပြခဲ့သည့် အဆိုပြုချက်များနှင့် ကတိဖြစ်ခဲ့သည့် အဆိုများအား အစိုးရ၏ဖြေ ရှင်းဆောင်ရွက်ပေးမှုအခြေအနေကို အများပြည်သူသို့ ထုတ်ပြမည့် အစီရင်ခံစာတစ်ရပ် ယခုလကုန် ထွက်ရှိမည်ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်(OMI)မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က မဇ္ဈိမကို ပြောသည်။

“ပထမအကြိမ်လောက်ကနေ ဆဌမအကြိမ်လောက်ထိ လွှတ်တော်ထဲမှာ ပြောခဲ့တဲ့အဆိုတွေကို ပြုစုနေ တာပါ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့အဆို ဘယ်လောက်ရှိတယ်။ ဘယ်လောက်ဖြေရှင်းပေးတယ်။ တစ်ခု ချင်းစီ အသေးစိတ်ပါမှာပါ”ဟု ၎င်းက ပြောသည်။

NGO အဖွဲ့အစည်းဖြစ်သော ပွင့်လင်းမြန်မာ့ရှေ့ဆောင်(OMI)အဖွဲ့သည် လွှတ်တော်၏ အစိုးရကတိက၀တ်များ စိစစ်ရေးကော်မတီနှင့် လာရောက်ဆွေးနွေးခဲ့သည့် မတ်လ ၁၃ ရက် ညနေပိုင်းက မဇ္ဈိမ၏ မေး မြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

OMI အဖွဲ့အနေဖြင့် ပြီးခဲ့သည့်လအတွင်းကလည်း လွှတ်တော်အမတ်များ မေးမြန်းခဲ့သည့် မေးခွန်းများ အပေါ် အစိုးရဆောင်ရွက်ချက်များကို အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ထိုအဖွဲ့၏အကြံပေးအဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက တာဝန်ယူဆောင်ရွက်နေသည်။

လွှတ်တော်တွင်း အမတ်တို့၏ မေးမြန်းချက်၊ အဆိုပြုချက်များကို အစိုးရက ကတိပြုခဲ့သော်လည်း လုံးဝ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသလို၊ ဆောင်ရွက်ပေးမှုမှာလည်း နှေးကွေးလွန်းနေသည်ဟု လွှတ်တော်အမတ်များက လွှတ်တော်အစည်းအဝေးများတွင် မကြာခဏ ဝေဖန်လျက်ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်သည့် ပဲခူးတိုင်းမှ အထက်လွှတ်တော်အမတ် ဦးမြင့်ထွန်းက “ကိုယ်စားလှယ်တွေကမေးရင် မလုပ်နိုင်သေးပါဘူး။ အစီအစဉ်မရှိသေးပါဘူးဆိုတဲ့ အဖြေတွေက များ နေတော့ တစ်ခါတလေမှာ အဖျားက ရှူးသွားတတ်ပါတယ်။ တချို့ကျတော့ ဖြေတတ်ပါတယ်။ ဘယ်လို လုပ်ပါမယ်။ ဘယ်တော့ရပါမယ်ပေါ့။ ဒါပေမဲ့ ဒီကတိတွေကလည်း ပေးပြီးတော့ မတည်ပြန်ဘူး”ဟု မတ်လ ၆ ရက်က အမျိုးသား လွှတ်တော်တွင် ဝေဖန်ထားသည်။

အမတ်တို့၏အဆိုပြုချက်များ၊ အစိုးရ၏ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများကို ပြည်သူလူထုသို့ ချပြမည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင် (Open Myanmar Initiative)အဖွဲ့၏ လုပ်ငန်းစဉ်များမှာ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဖြစ်စဉ်၊ ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာခြင်း၊ သုတေ သနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို ပြုစုထုတ်ပြန်ခြင်းတို့ ဖြစ်သည်။

No comments: