Friday, March 14, 2014

ပေါင်းတလည်မြို့တွင် ဆေးခြောက်များဖမ်းဆီးမိ

ရေခဲ (ပြည်)

ပဲခူးတိုင်း၊ ပေါင်းတလည် အနောက်ပိုင်းကွက်သစ်ရပ် ဦးတင်စိန်၏ အိမ်ကို မတ်လ ၁၀ရက်တွင် ရဲတပ်ဖွဲ့ က ၀င်ရောက်ရှာဖွေခဲ့ရာ ဆေးခြောက် ၈၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့သည်ဟု ပေါင်းတလည် ရဲစခန်း က မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

မတ်လ ၁၀ရက် ညနေ ၁ နာရီခွဲတွင် မူးယစ်အထူးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပေါင်းတလည် ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ၀င်ရောက်ရှာဖွေခဲ့ရာ ဦးတင်စိန်သည် နေအိမ် ခြံဝင်းအတွင်းရှိနေခဲ့သည်ဟု ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

၎င်းနေအိမ်ခြံဝင်း ခေါင်းရင်းဝဲဘက်ရှိ နတ်စင်အနီးတွင် သတ္တုလင်ဗန်းအတွင်း အနက်ရောင် ကြွပ်ကြွပ်အိပ် ဖြင့်ထည့်လျက် ဆေးခြောက်(အရိုး၊ အရွက်၊ အစေ့)၈၀၀ကီလိုဂရမ်ပါ အထုတ်တစ်ထုတ်နှင့် ဆေးခြောက် ချိန်တွယ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော ချိန်ခွင်တစ်ခုကို သိမ်းဆည်းခဲ့သည်။

ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါပစ္စည်းများသည် သူ၏တူတော်စပ်သူ ပေါင်းတလည် မြို့၊ မောင်ကုန်း လမ်းနေသူ ၀င်းကျော်မြင့် ကျော်(ခ)ဂျင်မီ ရောင်းချရန် အပ်နှံထားသည်ဟု ထွက်ဆိုခဲ့သည်။ ထို့ကြောင့် မွန်းလွဲ ၁ နာရီ ၅၀ မိနစ် တွင် ရဲတပ်ဖွဲ့က ၀င်းကျော်မြင့်ကျော်(ခ) ဂျင်မီ၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ သော်လည်း ၎င်းမှာ နေအိမ်တွင်မရှိဘဲ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်ဟု ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဦးတင်စိန်နှင့် ထွက်ပြေး တိမ်းရှောင်နေသူ ၀င်းကျော်မြင့်ကျော်(ခ) ဂျင်မီတို့ကို ပေါင်းတလည်ရဲစခန်းတွင် (ပ) ၁/၂၀၁၃ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၁ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

No comments: