Sunday, March 16, 2014

အစိုးရ လုပ်ဆောင်ချက် တားနိုင်သည့် ဥပဒေကြမ်း အတည်ပြုရက် ရွှေ့ဆိုင်း

မင်းမင်း

အစိုးရ၏ လုပ်ဆောင်ချက်တစ်ခုခုကို တားမြစ်နိုင်သည့် ဥပဒေကြမ်းတစ်ခုကို တစ်ပိုဒ်ချင်းစီ အတည်ပြု ရန် မတ်လ ၁၃ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအစီအစဉ်တွင် လျာထားသော်လည်း ပြည် ထောင်စု တရားလွှတ်တော်ချုပ်ဘက်က ထပ်မံဆွေးနွေးရန် တောင်းဆိုခဲ့သည့်အတွက် ပြန်လည်ညှိနှိုင်း ကြရန် နာယကသူရဦးရွှေမန်းက ညွှန်ကြားလိုက်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးဦးသာဌေးက ဥပဒေကြမ်းအား ထပ်မံဆွေးနွေးရန် အစည်းအဝေးမစမီ တောင်းဆိုလာသည့်အတွက် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

“တရားသူကြီးဦးသာဌေးရဲ့ တင်ပြချက်ကို အလေးအနက်ထားပြီး ဒီအစီအစဉ်ကို ဒီနေ့အတွက် ချန်လှပ်ထားပါမယ်။ သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ၊ အဆိုရှင်နှင့် တာဝန်ရှိသူများ လွှတ်တော်ပြင်ပမှာ ဆွေးနွေးပြီး ဆွေးနွေးချက်ပြည့်စုံမှ လွှတ်တော်ကို ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်း က ယင်းဥပဒေကြမ်းကို အတည်ပြုမည့် အစီအစဉ်ရောက်ရှိချိန်တွင် ပြောဆိုခဲ့သည်။

သို့သော် ဥပဒေကြမ်းပါ မည်သည့်အချက်ကို ထပ်မံဆွေးနွေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဘက်က တင်ပြလာသည်ကိုမူ သူရဦးရွှေမန်းက လွှတ်တော်သို့ ရှင်းပြခဲ့ခြင်းမရှိပေ။

ဥပဒေအဖြစ်အတည်ပြုရန် လျာထားသည့် “၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း”မှာ ဥပဒေအဖြစ် အသက်ဝင်လာမည်ဆိုပါက စာချွန်တော်အမိန့်ငါးမျိုးဖြင့် အစိုးရလုပ်ဆောင် ချက်ကို တားမြစ်နိုင်မည်ဖြစ်သည်။

ဥပမာအားဖြင့် အစိုးရကပြုလုပ်သည့် လုပ်ဆောင်ချက်တစ်ခုကို ပြည်သူက မကျေနပ်ပါက တရားလွှတ် တော်ချုပ်ထံ ထိုလုပ်ရပ်ကို တားဆီးပေးရန် အရေးဆို လျှောက်ထားပြီး တရားလွှတ်တော်ကလည်း ထို ကိစ္စသည် တားသင့်တားထိုက်သည်ဟု ယုံကြည်လျှင် စာချွန်တော်အမိန့်တစ်မျိုးဖြစ်သည့် “တားမြစ်စေ စာချွန်တော်အမိန့်”ကို ထုတ်ပြန်ပြီး အစိုးရ၏လုပ်ရပ်ကို တားမြစ်နိုင်သည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဥပဒေများနှင့်ပတ်သက်ပြီး ဆွေးနွေးညှိ နှိုင်းတဲ့နေရာမှာ အကျေအလည်ဆွေးနွေး တင်ပြဖို့ ဖြစ်ပါတယ်။ မည်သူ့ကိုမှ အားနာစရာမလိုပါဘူး။ အ မှန်တရားကို ရှေ့ထားပြီးတော့ အများပြည်သူအတွက်သာ စဉ်းစားဖို့ ဖြစ်ပါတယ်”ဟုဆိုကာ ဆက်လက် ဆွေးနွေးရန် တာဝန်ပေးခဲ့သည်။

တရားစီရင်ရေးမဏ္ဍိုင်က ကျန်အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်နှစ်ခု၏ အာဏာကို မျှခြေပြုနိုင်ရန် ၂၀၀၈ အခြေခံဥပဒေတွင် တရားစီရင်ရေးမဏ္ဍိုင်ကို စာချွန်တော်အမိန့်ငါးမျိုး သုံးခွင့်ပေးထားသည်။

ယင်းစာချွန်တော်အမိန့် ငါးမျိုးမှာ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ် စာချွန်တော်အမိန့် တို့ ဖြစ်သည်။

No comments: