Saturday, March 15, 2014

သင်္ကြန်မဏ္ဍာပ်များအတွက် ရွှေ့လျား သန့်စင်ခန်း၁၀ခု မြို့တော်စည်ပင် ငှားရမ်းပေးမည်

မျိုးသန့်

သင်္ကြန်မဏ္ဍာပ်များတွင် ရေအိမ်များကို မဖြစ်မနေထည့်သွင်းရမည်ဖြစ်ရာ သီးသန့်မတည်ဆောက်လိုသူများ အတွက် ရွှေ့လျား သန့်စင်ခန်း (Mobile Toilet) ၁၀ခုကို ငှားရမ်းပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန ဌာနမှူး ဦးတင့်လွင်က မတ်လ၁၃ရက်၌ မဇ္ဈိမကိုပြောသည်။

“သင်္ကြန်တွင်းမှာ မဏ္ဍာပ်တွေ ရေအိမ်အခက်အခဲဖြစ်ရင် ငှားရမ်းပေးဖို့ရှိပါတယ်။ ဖိုင်ဘာတွေနဲ့ ဆောက်ထားတာမို့ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ငှားရမ်းမယ့် နှုန်းထားကို သင်္ကြန်ကာလအတွက်ကျပ် နှစ်သိန်း၊ စပေါ်ငွေ ငါးသိန်းသတ်မှတ်ထားပါတယ်။ စုစုပေါင်းဆယ်ခု ငှားရမ်းပေးမှာဖြစ်ပါတယ်” ဟု ဌာနမှူး ဦးတင့်လွင်က ပြောသည်။

သင်္ကြန်မဏ္ဍာပ်များတွင် အမှိုက်အညစ်အကြေးများ စနစ်တကျစွန့်ပစ်စေရန်၊ ကျုံးရေများ ညစ်နွမ်းမသွားစေရန်နှင့် စည်းကမ်းစနစ်ပြည့်ဝသော မဏ္ဍာပ်တည်ဆောက်မှုများ ဖြစ်စေရန် ယင်းသို့ စီစဉ်ဆောင်ရွက်စေခြင်းဖြစ်သည်။

ယင်းသို့ မြို့တော်စည်ပင်က ငှားရမ်းပေးခြင်းအပြင် မဏ္ဍာပ်တည်ဆောက်သူများကလည်း ကိုယ်တိုင်ဆောက်လုပ်နိုင်ခွင့် ပေးထားသည်ဟုဆိုသည်။ တည်ဆောက်မည့်သူများက ဂါလံလေးရာဆန့် စွန့်ပစ်ကန်၊ ရေကန်၊ မိလ္လာစွန့်ထုတ်နိုင်သော ထုတ်သွင်းလွယ်သည့် ပိုက်လိုင်း၊ သတ်မှတ်ထားသည့် လေးပေ ပတ်လည်အကျယ်နှင့် အမြင့်၆ပေ ၆လက်မ ရှိသော သန့်စင်ခန်းအဆောက်အအုံ၊ လေးပေပတ်လည်အကျယ်နှင့် အမြင့် နှစ်ပေရှိ ရေအသုံးပြုကန်တစ်ခုတို့ကို ထည့်သွင်း တည်ဆောက်ရမည်ဖြစ်သည်။

“တည်ဆောက်ထားတဲ့ အနေအထားအတွက် မဏ္ဍာပ်တွေကို လိုက်လံစစ်ဆေးမှာဖြစ်ပါတယ်။ သီးခြားအမှိုက်ကန်တွေ ထားရှိပြီး စနစ်တကျစွန့်ပစ်ဖို့ လုပ်မှာဖြစ်ပါတယ်။ မိလ္လာပြည့်လို့ စွန့်ထုတ်ချင်သူတွေအတွက်လည်း စည်ပင်အနေနဲ့ အခမဲ့ ကားနဲ့ လိုက်လံစုတ်ယူပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

မြို့တော်စည်ပင်က ယခုကဲ့သို့ ရွှေ့လျားသန့်စင်ခန်းများ ငှားရမ်းပေးမည့် အစီအစဉ်ကို သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများက စိတ်ဝင်စားမှုမရှိကြပေ။ သင်္ကြန်ကာလအတွင်း အသုံးပြုမည့် ရေအိမ်တစ်လုံးအတွက် ပြင်ပတွင် ကျပ်သုံးသိန်းမျှသာ ကျသင့်သည်ဟုလည်း သိရသည်။

ထို့အပြင် ယခုကဲ့သို့ ရေအိမ်ငှားရမ်းခြင်း အစီအစဉ်ကို မနှစ်ကလုပ်ဆောင်ပေးခဲ့သော်လည်း ငှားရမ်းမှု လုံးဝမရှိခဲ့ဟု လည်းသိရသည်။

No comments: