Tuesday, March 18, 2014

ရခိုင်မှ လေလံများကို ဈေးပြိုင်စနစ်ဖြင့်မရောင်းဘဲ ရာခိုင်နုန်းတိုး၍ လိုင်စင် သက်တမ်းတိုးပေးမည်

နိရဉ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း အရပ်ရပ် အခွင့်အရေး လိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချတော့မည် မဟုတ်ဘဲ လက်ရှိ လိုင်စင်စီများအား ရာခိုင်နုန်းတိုးမြှင့်၍ သက်တမ်း တိုးပေးသွားမည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချပါက လေလံဆွဲ ၀ယ်ယူသူများသည် ဈေးနုန်းအပြိုင်အဆိုင် တိုးမြှင့်ပေးခြင်း၊ ပန်းကြေးရယူသူများကြောင့် လေလံကြေးမြှင့် တက်ခြင်းတို့ကြောင်း စားသုံးသူ ပြည်သူလူထုများ အပေါ် သက်ရောက်မူ မရှိစေရေး အတွက် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီလိုလုပ်ရတာက လူထုကို တစ်ဘက် တစ်လမ်းက သက်သာစေဖို့ပါဘဲ။ လုပ်ငန်းလိုင်စင်တွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချရင် ဈေးနုန်းတွေ မြင့်တက်သွားပြီး နောက်ဆုံး ပြည်သူလူထုကို ထိခိုက်စေပါတယ်။ လေလံရသွားတဲ့သူတွေကလည်း သူတို့အမြတ်ရအောင် ကောက်ခံရတဲ့ အတွက် နောက်ဆုံး ပြည်သူလူထုကိုဘဲ ထိခိုက်ပါတယ်” ဟု စစ်တွေ စည်ပင်သာယာရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောဆိုသည်။

ယင်းပြင် ဈေးပြိုင်စနစ်ဖြင့် လေလံ ဆွဲကြရာတွင် ပန်းကြေး ရယူမူများလည်း ရှိသဖြင့် လေလံဈေးနုန်းကို မြင့်တက်စေသဖြင့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဈေးပြိုင်စနစ်ဖြင့် လေလံမပေးတော့ဘဲ ယခင်နှစ်က လေလံ ရရှိထားသူများကို ရာခိုင်နုန်း (၁၀ ရာခိုင်နုန်းနှင့် ၁၅ ရာခိုင်နုန်းကြား) တိုးကောက်ပြီး လေလံ သက်တမ်းကို တိုးမြှင့်ပေးသွားမည်ဟု သူက ဆိုသည်။

သို့သော်လည်း ယခင်နှစ်များက ယာယီ ပိတ်သိမ်းခဲ့သော လုပ်ငန်းများနှင့် အမြဲတန်းပိတ်သိမ်းခဲ့သော လုပ်ငန်းများ၊ စမ်းသပ်လုပ်ကိုင်လိုသည့် လုပ်ငန်းသစ်များကိုမူ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားမည်ဟု သိရသည်။

စစ်တွေမြို့နယ်တွင် ရာနုန်းတိုးဖြင့် ယခင်နှစ်က လေလံရရှိထားသူများကို ပေးမည့် လုပ်ငန်းမှာ (၄၄) ခုရှိပြီး နောက်ထပ် ယာယီ ပိတ်သိမ်းခဲ့သော လုပ်ငန်းများ၊ အမြဲတန်းပိတ်သိမ်းခဲ့သော လုပ်ငန်းများ၊ စမ်းသပ်လုပ်ကိုင်လိုသည့် လုပ်ငန်းသစ်များ ရှိသေးကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း ယခင်နှစ်က လေလံရထားသူများကို ရာခိုင်နုန်းတိုးမြှင့်၍ သက်တမ်း တိုးပေးသွားမည်ဟု သိရသည်။

သို့သော်လည်း ယခင်နှစ်က လေလံရထားသူများထဲတွင် အချို့မှာ ၎င်းလိုင်စင်အား အခြားသူများသို့ အမြတ်အစွန်းယူကာ ရောင်းချသဖြင့် ပြည်သူလူထုကို ထိခိုက်နစ်နာမူများရှိနေကြောင်း ဦးမောင်ကြီးယေက ပြောသည်။

“ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်မှာတော့ လေလံကို ရာခိုင်နုန်းတိုးစနစ်နဲ့ ဟိုနှစ်က ရထားသူတွေကို ပေးတာကို ကျနော်တို့ မလိုလားဘူး။ လေလံကို ဈေးပြိုင်စနစ်နဲ့ ခေါ်ယူတာမျိုးကို ဖြစ်စေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ ရေလမ်းကြောင်းတွေမှာ စက်လှေ တစ်စီးမှ မရှိတဲ့ သူတွေက ရေကြောင်းလိုင်းကို လေလံဆွဲပြီး နောက်ထပ် လူတွေကို လေလံကို အမြတ်ကြီးစနစ်နဲ့ ရောင်းချနေတာတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။

လေလံကို ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ် မရောင်းချဘဲ ရာခိုင်နုန်းတိုးမြှင့်ပြီး လုပ်ကိုင်ခွင့်ပြုပေးမည့် စနစ်အပေါ် အထက်အရာရှိကြီးအချို့က သဘောမကျနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အလာဒ်ပေး လာဒ်ယူမူ ပြုလုပ်၍ မရခြင်းကြောင့် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင် အစိုးရလက်ထက်က မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်ပြင် ငါးဖမ်း လုပ်ကွက်များ အပါအ၀င် ဈေး၊ ဆိပ်ကမ်း၊ ကုတိုးဆိပ်၊ ရေလမ်းကြောင်းစသည့် လုပ်ငန်း အရပ်ရပ်ကို တင်ဒါခေါ်ယူကာ လေလံတင် စနစ်ဖြင့် ဈေးပြိုင် ရောင်းချခဲ့သဖြင့် အခြေခံ လူတန်းစား အပေါ် အထူးထိခိုက်နစ်နာမူများ ဖြစ်ပေါ် စေခဲ့သည်။

No comments: