Wednesday, March 19, 2014

EU နှင့် US ၀င်လာခြင်းက မြန်မာ့အထည်ချုပ်ပို့ကုန် ဒေါ်လာ တစ်ဘီလီယံခွဲကျော် ရှိလာနိုင်

ထင်လင်းအောင်

မြန်မာ အထည်ချုပ်လုပ်ငန်း၏ လာမည့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် လက်ခစား CMP လုပ်ငန်းမှ ရရှိ ငွေသည် ကန်ဒေါ်လာ တစ်ဘီလီယံခွဲကျော်အထိ ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က မီဒီယာများကို ပြောလိုက်သည်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်းများကို လက်ခစား CMP လုပ်ငန်းများ အပ်နှံရာတွင် အမေရိကန်နှင့် UK ကဲ့သို့ နိုင်ငံများ၏ ကုမ္ပဏီကြီးများ တိုးဝင်လာလျက်ရှိရာ အထည်ချုပ်ကဏ္ဍမှ ပြည်ပ၀င်ငွေရရှိနိုင်မှုမှာ တိုးမြင့်လာနိုင်သည်ဟု မတ်လ ၁၇ ရက်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကျင်းပသော သြစတေးလျ - မြန်မာနှစ်ဖက် ကုန်သည်လုပ်ငန်းရှင်များအသင်း နားလည်မှုလက်မှတ်ရေးထိုးပွဲတွင် တွေ့ဆုံစဉ် ယင်းက သုံးသပ်ပြောခြင်းဖြစ်သည်။

ဒေါ်ခိုင်ခိုင်နွယ်က “စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ပေးလိုက်တော့ အထည်ချုပ်လုပ်ငန်းတွေရဲ့ အခွင့်အလမ်းက ပိုများလာတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် အထည်တင်ပို့မှုက ဒေါ်လာသန်း ၁,၀၀၀ နီးပါးအထိ ရှိလာ တယ်။ လာမည့်နှစ် ၂၀၁၄-၁၅ ကိုမှန်းရင် တစ်ဘီလီယံခွဲကျော်သွားနိုင်တယ်”ဟု ပြောသည်။

၂၀၁၃ ခုနှစ် ဇွန်လမှစတင်ကာ မြန်မာနိုင်ငံ၏ ပို့ကုန်များအပေါ် အီးယူနိုင်ငံများ၏ အထူးအခွန်ကင်းလွတ်ခွင့် GSP ရရှိခဲ့ပြီးနောက် အထည်ချုပ် CMP လက်ခစားအပ်နှံမှုများ မြင့်တက်လာခဲ့သည့်အပြင် ဈေးနှုန်းများမှာလဲ မြင့်တက်လာခြင်းကြောင့် ပို့ကုန်ရငွေမှာ ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် မြန်မာ့အထည်ချုပ်လုပ်ငန်း လက်ခစား CMP ဈေးကွက်သို့ UK အခြေစိုက် ကုမ္ပဏီနှစ်ခုမှ ပြည်တွင်း၌ အခြေစိုက်ရန် ၀င်လာနေလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုမှလဲ လာရောက်ဆွေးနွေးမှုများ ရှိနေခြင်းဖြစ်သည်ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆက်လက် ပြောသည်။

ဆက်လက်၍ယင်းက “အီးယူအနေနဲ့က မြန်မာ့အထည်ချုပ်ကဏ္ဍကို လာပြီးလေ့လာဖို့ အရမ်းကို စိတ်ဝင် စားနေကြတယ်။ လက်ရှိမှာလဲ UK အခြေစိုက်ကုမ္ပဏီနှစ်ခုက CMP တွေအပ်ထားတယ်။ အမေရိကန်က ကုမ္ပဏီတစ်ခုကလဲ ဒီမနက် မတ်လ ၁၇ ရက်ကမှ စကားပြော ညှိနှိုင်းခဲ့တာတွေ ရှိပါတယ်”ဟု ပြောသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်း လက်ခစား CMP လုပ်ငန်းများ၏ ပို့ကုန်အထည်တန်ဖိုးမှ ရရှိငွေသည် ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်အတွင်းက ကန်ဒေါ်လာသန်း ၈၀၀ ကျော်သာ ရှိခဲ့ရာမှ ၂၀၁၃ တွင် သန်းတစ်ထောင် ကျော်အထိ တင်ပို့နိုင်ခဲ့သည်။

No comments: