Sunday, March 9, 2014

လိုင်ဇာအနီး ဂျေယန်းဒုက္ခသည်စခန်းများ UNHCR ပြန်ဆောက်ပေးမည်

ဖနိဒါ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အတွင်းရှိ ဆောက်လုပ်ရန်လိုအပ်နေသော ဂျေယန်း စစ်ပြေးဒုက္ခသည်စခန်း နေအိမ် ၆၀၀ ကျော်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆောက်လုပ်ပေးမည်ဟု ဂျေယန်းဒုက္ခသည်စခန်းမှ ကော်မတီတာဝန်ခံ ဦးလဘန်နော်ဂျာ က ပြောသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ကမ္ဘာ့ကျန်း မာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့မှ ကိုယ်စား လှယ်များ မတ်လ ၃ ရက်ကတည်းက လိုင်ဇာသို့ရောက်ရှိကာ အကူအညီပေးရေးဆိုင်ရာ ကတိက၀တ် များ ပြုခဲ့ကြသည်ဟု ဆိုသည်။

“စာရင်းတွေ လာကောက်နေတာ။ UNHCR က နေအိမ်နဲ့ပတ်သက်လို့ လာကြည့်တယ်။ နေအိမ် ၆၀၀ ကျော်အတွက် ဆောက်ပေးမယ်။ ဒါပေမဲ့ ဒီနွေမှာက မဆောက်နိုင်သေးဘူး။ စက်တင်ဘာလောက်မှ သေချာမယ်လို့ ပြောတယ်”ဟု ဦးလဘန်နော်ဂျာက ပြောသည်။

“ဘတ်ဂျက်မချလာသေးဘူးဆိုတော့ လောလောဆယ်တော့ လေပြင်းတိုက်လာရင် ကာကွယ်နိုင်ဖို့တော့ တတ်နိုင်သလောက် ပြန်ပြင်ပေး၊ ဒေါက်ထောက်ပေးတာတွေလုပ်ဖို့ ပြောထားတယ်”ဟု ၎င်းက ဆက် ပြောသည်။

ယင်းအပြင် လာမည့်ရက်သတ္တပတ်မှစတင်၍ လိုင်ဇာဈေး အမှတ်-၃ ဒုက္ခသည်စခန်းမှ အိမ်ခြေ ၁၂၀ ကို ဂျေယန်းနှင့် ဖုန်လုမ်ယန် ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့ ဆောက်လုပ်ပေးတော့မည်ဟုလည်း ဦးလ ဘန်နော်ဂျာက ပြောသည်။ လိုင်ဇာမြို့ ဈေးတွင်း ကျပ်တည်းစွာ ခိုလှုံနေသဖြင့် ဒုက္ခသည်များ နေထိုင် ရန် မသင့်လျော်သဖြင့် ဂျေယန်းဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ ဆောက်လုပ်ပေးမည်ဖြစ်သည်ဟု ဆို သည်။

“ဒီမှာ ရေအရမ်းခက်ခဲနေလို့ ရေရဖို့ ရေပိုက်၊ ရေကန် လာတိုင်းသွားတယ်။ ဘာတွေလိုတယ်ဆိုတာ အင် ဂျင်နီယာတွေနဲ့အတူ လာတိုင်းသွားတယ်။ အိမ်သာတွေလည်း စုပ်စက်တွေနဲ့ စုပ်ပေးမယ်လို့ ပြောလို့ ကျွန်တော်တို့လည်း ပျော်နေကြတယ်”ဟု ဦးလဘန်နော်ဂျာက ပြောသည်။

ထို့ပြင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ကျောင်းသားများ၊ ကလေးများ ပညာရေးအခြေအနေ များ လာရောက်စစ်ဆေးပြီး ကမ္ဘာ့စားနပ်ရိက္ခာရန်ပုံငွေအဖွဲ့က ပေးထားသော ထောက်ပံ့ပစ္စည်းများအား မည်သို့ စားသောက်သည်ကို ပညာပေးမှု ပြုလုပ်ခဲ့သလို လာရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် နမ်လင်းပါကျေးရွာမှ မိုင်ဂျာယန်အနီး ဘွမ်စစ်ပါ ဒုက္ခသည်စခန်းသို့ စစ်ပြေးဒုက္ခသည်အဖြစ် ပြောင်းရွှေ့လာခဲ့ပြီး UNHCR မှ ထောက်ပံ့ပေးသော အရေး ပေါ်ရွက်ဖျင်တဲဖြင့် နေထိုင်နေရသူများဖြစ်သည်။

ယခုလ ၃ ရက်မှစတင်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သော UNOCHA အဖွဲ့က မိုင်ဂျာယန်ရှိ ပါက ထောင်၊ အင်ခေါင်းပါ ဒုက္ခသည်စခန်းများရှိ ကျောင်းသားများအတွက် ကျောင်းသုံးပစ္စည်းများဖြစ်သော ကျောပိုးအိတ် အလုံး ၇၇၀၊ မူလတန်းဖတ်စာအုပ်များနှင့် မူကြိုသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်းကလည်း လိုင်ဇာနှင့် မိုင်ဂျာယန်ရှိ ဒုက္ခသည်များအ တွက် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ရာ ယခုတစ်ကြိမ်မှာ တတိ ယအကြိမ်မြောက် ဖြစ်သည်။ လိုင်ဇာနှင့် မိုင်ဂျာယန်တွင် ရောက်ရှိနေသော ကုလသမဂ္ဂ ကိုယ်စားလှယ် များသည် မတ်လ ၇ ရက်မှာ ပြန်လည်ထွက်ခွာကြမည် ဖြစ်သည်။

No comments: