မောင်သင်တုန်း
ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းပုံများ အသစ်ထပ်မံတိုးချဲ့ ဆောင်ရွက်လိုက်သည့်အတွက် ယခုဘဏ္ဍာရေးနှစ်အတွင်း ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်း တစ်သောင်းကျော် တိုးမြင့်ခန့်ထားသွားမည်ဟု မေလ ၄ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
“ကျန်းမားရေးဝန်ကြီးဌာနမှာ ဆရာဝန်လိုအပ်ချက် မြင့်မားလျက်ရှိပါတယ်ဆိုတာ အမှန်ပါ။ ဒါကြောင့် တိုင်းနှင့်ပြည်နယ်များမှာ ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဒီဘဏ္ဍာရေးနှစ်မှာဆိုရင် ကျန်းမားရေး ဦးစီဌာနအောက် ဆရာဝန်တွေ အများကြီး ခန့်အပ်သွားဖို့ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
လက်တစ်လောတွင် ဆရာဝန် ၂၈၀ ခန့်အပ်နိုင်ရန် စီစဉ်လျက်ရှိပြီး ဒုတိယအကြိမ်အနေဖြင့် ဆရာဝန် ၈၀၀ကျော်ကို ယခုဘဏ္ဍာရေးနှစ်အတွင်း၌ပင် ထပ်မံခန့်အပ်သွားမည်ဟု ဆိုသည်။
“ဒါ့အပြင် တိုင်းနှင့်ပြည်နယ်အလိုက် ခန့်အပ်သွားဖို့လည်း ရှိပါသေးတယ်။ ဒီနှစ်တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကျန်းမားရေးဝန်ထမ်း တစ်သောင်းကျော်ခန့် အပ်သွားဖို့ ရှိပါတယ်” ဟု ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
ဆရာဝန်များအနေဖြင့် နည်းပညာပိုင်းများကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး ဖွဲ့စည်းပုံအသစ်များ တိုးချဲ့ဆောင်ရွက်လိုက်ခြင်းကြောင့် ရာထူးတစ်ဆင့်နှင့်တစ်ဆင့် တိုးမြှင့်ရာတွင်လည်း အချိန်အကြာကြီး ဆောင်ရွက်ရန် မလိုအပ်တော့ဘူးဟုဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကုသမှုဦးစီးဌာနကို အသစ်ဖွဲ့စည်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျန်းမာရေးအဆောက်အဦးများ ဆောက်လုပ်ထားသည့် အတွက် ဆရာဝန် လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိသည်ဟု ဆိုသည်။
ပြည်ပရောက်မြန်မာဆရာဝန် ပညာရှင်များကလည်း မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်လိုသည်ဟု ကမ်းလှမ်းလာသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆက်ပြောသည်။
No comments:
Post a Comment