Monday, May 11, 2015

ကိုပါကြီးအသတ်ခံရမှုတွင် ပတ်သက်သည့် တပ်မတော်သားအချို့ကို တရားသေလွှတ်

ရွှေအောင်

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုမှာ ပတ်သက်နေတဲ့ အစောင့်စစ်သည်၊ ဒုတပ်ကြပ်တယောက်နဲ့စစ်သားတယောက်တို့ကို စစ်ဘက်တရားရုံးက တရားသေလွှတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ မေလ ၈ ရက်ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ တရားသေလွှတ်ဖို့ အမိန့်ချလိုက်ကြောင်း ဖော်ပြပါရှိတာဖြစ်ပါတယ်။

ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်က အမှုကို ပွင့်လင်းမြင်သာမှုရှိစေရန် နယ်ဘက် တရားရုံးမှာ စစ်ဆေးသင့်တယ်လို့ ဖော်ပြခဲ့ပေမယ့် စစ်တပ်ဘက်က စစ်မှုထမ်းနေချိန်ဖြစ်ပွားခဲ့တာမို့ စစ်တရားရုံးနဲ့ပဲ စစ်သင့်တယ်ဆိုပြီး စစ်ဘက်တရားရုံးမှာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ စစ်ဘက်တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းစစ်တရားရုံးချုပ်အမှတ်စဉ် (၁၄၆/၁၄၇)တို့ဖြင့် အမှတ် ၂၁၀ခြေမြန်တပ်ရင်းမှ အစောင့်စစ်သည် ၂ ဦးဖြစ်သည့် ဒုတိယတပ်ကြပ် ကျော်ကျော်အောင်နှင့်တပ်သား နိုင်လင်းထွန်းတို့အပေါ် တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ပြစ်မှုဆိုင်ရာဥပဒေ၃၀၄တို့ဖြင့် စစ်ဆေးခဲ့ပြီး တရားသေလွှတ်သည့်အမိန့်ကို ချမှတ်ခဲ့ကြောင်းနှင့် ယင်းဆုံးဖြတ်ချက်ကို တိုင်းမှူး အရှေတောင်တိုင်းစစ်ဌာနချုပ်မှ အတည်ပြုခဲ့ကြောင်းလို့ ဖော်ပြပါရှိပါတယ်။

ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရန်ကုန်က လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က စစ်တရားရုံးရဲ့ ဆုံးဖြတ်ချက် အပြည့်အ၀မှန်ကန်ကြောင်း ကောက်ယူလို့ မရဘူးကြောင်း ပြောပါတယ်။

“အမှန်တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ပေးစေလိုပါတယ်။ အရပ်ဘက် တရားရုံးမှာဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ကြားနာပြီးတော့ စစ်ဆေးလို့ရတယ်။ အခုတော့ ကျယ်ကျယ်ပြန့်ပြန့် ကြားနာလို့ မရနိုင်တဲ့နေရာမှာ စစ်ဆေးတာ၊ နစ်နာသူ ဇနီးသည် မသန္တာကို မမေးဘဲနဲ့ တပ်က ဆုံးဖြတ်ချက်ဟာ အပြည့်အ၀မှန်ကန်တယ်လို့ ကောက်ယူလို့ မရဘူး။”

အခု စစ်ဘက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ကန့်ကွက်စာတင်မယ်လို့လည်း ပြောပါတယ်။

ကိုပါကြီးအသတ်ခံရမှုနဲ့ ပတ်သက်တဲ့ စစ်ဘက်တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားဖွယ် အချက်တွေ တွေ့ရှိထားတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ထံ ကန့်ကွက်စာတင်ပြီး အမှန်တရားပေါ်ထွက်ရေး ကြိုးပမ်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ်တိုက်ပွဲ သတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

ကိုအောင်နိုင် ခေါ် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး အစီရင်ခံစာ အမြန်တင်သွင်းဖို့ မြန်မာသမ္မတက လူ့အခွင့်အရေးကော်မရှင်ကို ညွှန်ကြားခဲ့ပါတယ်။

အပြီးသတ်စုံစမ်းတွေ့ရှိချက် အစီရင်ခံစာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်နေ့ ကော်မရှင်က ထုတ်ပြန်ရာမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာကို အတည်ပြုခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ တိုက်တွန်းခဲ့တာပါ။

No comments: