ကျော်စိုးမိုး
ကားပျက်နေ၍ လမ်းဘေးချရပ်ထားသည်ကို အခြားကားတစ်စီးက နောက်မှ ဝင်တိုက်မိခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ လူလေးဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၃ ရက်၊ နံနက် ၃ နာရီခွဲခန့်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပြည်ကားလမ်းအတိုင်း ဥက္ကံမှ တိုက်ကြီးဘက်သို့ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် ကိုကောင်းကျော်ထွဋ် မောင်းနှင်လာသည့် ဟီးနိုးဘောက်ဆာ အမျိုးအစား အငှားယာဉ်တစ်စီးသည် ဥတိုကျေးရွာ၊ မိုင်တိုင်အမှတ် (၅၅/၀) အနီးတွင်ပျက်နေ လမ်း၏ ယာဘက်ဘေးသို့ ချရပ်ထားသည့် လိုက်ထရပ်ယာဉ်တစ်စီးကို နောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုက်မိခဲ့သဖြင့် လိုက်ထရပ်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မြောက်ဒဂုံမြို့နယ်၊ (၁၂) ရပ်ကွက်၊ ပုဂံလမ်းတွင် နေထိုင်သည့် အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အခြားအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်းလေးဦးတို့မှာ ဒဏ်ရာများရရှိခဲ့ပြီးတိုက်ကြီးဆေးရုံတွင် အတွင်းလူနာများအဖြစ် တက်ရောက်ကုသမှုခံယူနေရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်း ကိုကောင်းကျော်ထွဋ်ကို အရေးယူပေးပါရန် ရဲအုပ်မျိုးနိုင်က တရားလိုပြုတိုင်တန်းပြီး တိုက်ကြီးမြို့မရဲစခန်းက ယာဉ်(ပ) ၁၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment