Saturday, May 9, 2015

တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးရာတွင် အဖွဲ့အားလုံးပါဝင်ရေး သမ္မတတိုက်တွန်းဟုဆို

ကေဇူး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားအဖွဲ့ အားလုံး ပါဝင်ရေး အတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော် (RCSS /SSA)၏ ဥက္ကဋ္ဌ ဦးယွက်ဆစ် နှင့် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည် ဟု RCSS၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစိုင်းငင်းက မဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ကျိုင်းတုံမြို့တို့ ရောက်ရှိစဉ် "ဝ" အထူးဒေသ ပေါက်ယူရီ ဦးဆောင်သောအဖွဲ့၊ မိုင်လား အထူးဒေသ(၄) အဖွဲ့များနှင့် RCSS /SSA အဖွဲ့တို့ကို သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"NCA ကို အမြန်ဆုံးလက်မှတ်ထိုးဖို့နဲ့ တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ဖို့ သူ့အနေနဲ့ တိုက်တွန်းတယ် ဆိုပြီး ဒီနှစ်ချက်ကို အဓိကပြောသွားပါတယ်"ဟု သမ္မတ ပြောကြားမှုကို ဗိုလ်ကြီးစိုင်းငင်းက ပြောသည်။

မေလ ၁ရက်မှ ၆ရက်အထိ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ် ပန်ဆန်းတွင် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်သီး အစည်းအဝေးကလည်း NCA တွင် ကိုးကန့် အပါအဝင် တိုင်းရင်းသား အားလုံးပါဝင်ရေး ထုတ်ပြန်တောင်းဆိုထားသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက "လောလောဆယ်ဆွေးနွေးထားတဲ့ အဖွဲ့ ၁၆ ဖွဲ့နဲ့ သာ လက်မှတ်ထိုးမယ်ဆိုရင်တစ်နိုင်ငံလုံး အပစ်ရပ်ရေးလုပ်ငန်းစဉ် မထိရောက်နိုင်ပါဘူး။ လက်ရှိဖြစ်နေတဲ့ အဖွဲ့တွေ ပါဝင်မှသာ ထိရောက်မှာဖြစ်ပါတယ်"ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ကမူ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

No comments: