Saturday, May 9, 2015

သရုပ်ဆောင် မင်းအုပ်စိုးအမှု တရားလိုပြသက်သေအဖြစ် ၎င်း၏ အစ်မကို စစ်ဆေး

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် တရားလိုပြ သက်သေအဖြစ် ၎င်း၏ အစ်မကို မေ ၆ ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

သရုပ်ဆောင် မင်းအုပ်စိုး၏ အစ်မတော်စပ်သူ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် ဒေါ်ညိုညိုလွင်ကို စစ်ဆေးရာ အခင်းဖြစ်ပွားသည့်နေ့တွင် မင်းအုပ်စိုး၏ နေအိမ်မှ အမျိုးသမီး ဝန်ထမ်း တစ်ဦးက အိမ်ကိုဖုန်းဆက်လာသဖြင့် မိမိ၏ အမျိုးသားဖြစ်သူ မင်းအုပ်စိုး၏ မိသားစု ဆရာဝန်နှင့်အတူ အခင်းဖြစ်နေအိမ်သို့ ရောက်ရှိခဲ့သည်။

မင်းအုပ်စိုး၏ နေအိမ် အိပ်ခန်းအတွင်းသို့ ရောက်ရှိစဉ်တွင် တေးနုရင်ကို ပက်လက်အနေအထားဖြင့် ခုတင်ပေါ်တွင် တွေ့ရှိပြီး သတိရ၊ မရကို မသိဘဲမိမိ၏ အမျိုးသားက စစ်ဆေးချိန်တွင် သေဆုံးနေသည်ဟု ယူဆကာ ရဲစခန်းကို အကြောင်းကြားခဲ့ပြီး တေးနုရင်တွင်ပြင်ပဒဏ်ရာမရှိဟု ဒေါ်ညိုညိုလွင်က
ထွက်ဆိုခဲ့သည်။

အမှုအတွက် ဒေါ်ညိုညိုလွင် အပါအ၀င် တရားလိုပြ သက်သေ ကိုးဦးခန့်ကို စစ်ဆေးပြီးဖြစ်ပြီး စုစုပေါင်း တရားလိုပြ သက်သေ ၁၂ ဦး တင်သွင်းထားသည်ဟု တေးနုရင်၏ မိသားစုဝင် တစ်ဦးက ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုရင် (ခ) တေးနုရင်ကို လူမှုရေးကိစ္စ မေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုး ထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံ လင်းထွဋ်က တရားလို ပြုတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂ ဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့် ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူ တစ်ဦး ဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မရဲစခန်းက (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး၊ အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃)က ပြစ် မှုကြီးပုဒ်မ ၇/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကာ လာမည့်မေ ၁၃ ရက်တွင် တရားလိုပြ သက်သေ တစ်ဦးကို ထပ်မံစစ်ဆေးသွားမည် ဖြစ်သည်။

No comments: