Friday, May 8, 2015

သေဆုံးသူ မတေးနုရင်အမှု မှုခင်းဆရာဝန်ကို စစ်ဆေးရာ သေစေနိုင်သည့် အတွင်းဒဏ်ရာများတွေ့ဟု ထွက်ဆို

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး အမှုအတွက် တရားလိုပြ သက်သေတစ်ဦးအဖြစ် မှုခင်းဆရာဝန်ကို စစ်ဆေးရာ တေးနုရင်တွင် သေစေနိုင်လောက်သည့် ဒဏ်ရာများ ရရှိထားသည်ဟု ထွက်ဆိုခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မှုခင်းဆရာဝန် ဒေါက်တာ ဦးဇော်မင်းကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် မေ ၄ ရက်၊ နံနက်ပိုင်းက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဦးဇော်မင်းက သေဆုံးသူတေးနုရင် ရရှိထားသည့် ဒဏ်ရာများဖြစ်သော အသည်း စုတ်ပြဲခြင်း၊ ဝမ်းခေါင်းအတွင်း သွေးသွန်ခြင်း၊ နံရိုးများ ကျိုးခြင်း၊ ရင်ခေါင်းအတွင်း သွေးသွန်ခြင်း အစရှိသည့် ဒဏ်ရာများမှာ သေစေနိုင်လောက်သည့် ဒဏ်ရာများဖြစ်သည်ဟု ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

ထို့ပြင် တေးနုရင်၏ ဦးခေါင်းပိုင်းတွင် ပြင်ပဒဏ်ရာများ ရရှိထားသည်ဟု ထွက်ဆိုခဲ့ပြီး၊ ပြီးခဲ့သည့် ရုံးချိန်းက သရုပ်ဆောင်မင်းအုပ်စိုး၏ မိသားစုဆရာဝန်ကို စစ်ဆေးစဉ်က တေးနုရင်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ ရရှိထားခြင်း မရှိဟု ထွက်ဆိုခဲ့သည်။

အမှုဖြစ်စဉ်မှာပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲခန့်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင် (ခ) တေးနုရင်ကို လူမှုရေးကိစ္စမေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံ လင်းထွဋ်က တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့်ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူ တစ်ဦး ဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မရဲစခန်းက (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး၊ အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃)က ပြစ်မှုကြီး ပုဒ်မ ၇/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကာ လာမည့်မေ ၆ရက်တွင် တရားလိုပြသက်သေ တစ်ဦးကို ထပ်မံစစ်ဆေးသွားမည် ဖြစ်သည်။

No comments: