ကေဇူး
တပ်မတော်က ဖမ်းဆီးထားသည့် ရက္ခိုင့်တပ်မတော် AA အဖွဲ့ဝင်များကို ရုံးတင်စစ်ဆေးနိုင်ရန် မြို့နယ်တရားရုံးတွင် မေ ၅ ရက်က ယမန်ယူလိုက်သည်ဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်က မဇ္ဈိမကို ပြောသည်။
ကျောက်တော်မြို့နယ် အတွင်းမှ ဖမ်းဆီးစစ်ဆေးခဲ့သူများအနက် အချို့ကို ပြန်လည်လွှတ်ပေးပြီး ကျန်ရှိသည့် အယောက်နှစ်ဆယ်ကို ရုံးတင်စစ်ဆေးမည်ဟု ရဲတပ်ဖွဲ့မှူးက ပြောသည်။
"ရုံးတင်မှာက ၂၀ ယောက်ပါ၊ သူတို့ကို ယမန်ယူပြီး အမှုတည်ဆောက်ပြီးရင် ရုံးတင်စစ်ဆေးမှာပါ" ဟု ပြောသည်။
ယမန်ယူပြီး ၁၅ ရက်အတွင်း ရုံးထုတ် စစ်ဆေးမည်ဖြစ်ပြီး လက်ရှိတွင် အမှုတည်ဆောက်လျက် ရှိသည် ဟုဆိုသည်။
ဖမ်းဆီးစစ်ဆေးသူများအနက် အချို့ကို စစ်တပ်က ပြန်လွှတ်ခဲ့ပြီး အချို့ကိုမူ စစ်ဆေးချက်အရ ပေါ်ပေါက်ခြင်း မရှိသဖြင့် ပြန်လွှတ်ခဲ့သည် ဟုဆိုသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူ၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော မြို့နယ် တို့မှ ဖြစ်သည် ဟု ဆိုသည်။
AA မှ ဖမ်းဆီးထားသူများကို တပ်မတော်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေမဲ့ နှိပ်စက်ခြင်းတို့ကို ပြုလုပ်မည် မဟုတ်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားထားသည်။
AA နှင့် အစိုးရတပ်တို့ မတ်လအတွင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျေးရွာများတွင် စစ်တပ်က လိုက်လံဖမ်းဆီးခဲ့ရာ ဒေသခံများက ဒုက္ခသည်စခန်းများသို့ တိမ်းရှောင်ခဲ့သည်။
လက်ရှိတွင် ဒုက္ခသည် ၁၀၀ ကျော် ကျန်ရှိနေသေးသည်ဟု ပြည်နယ်အစိုးရက သတင်းထုတ်ပြန်သော်လည်း ဒေသအကူအညီပေးရေး အဖွဲ့များက မူ ဒုက္ခသည် ၃၀၀ ကျော်မှာ နေထိုင်၊ စားသောက်မှု ခက်ခဲနေသေးသည်ဟု ဆိုသည်။
No comments:
Post a Comment