Monday, May 11, 2015

လူမှောင်ခိုများအရေး မြန်မာနှင့် မလေးရှားတို့ကို တွေ့ဆုံဆွေးနွေးရန် ထိုင်းဖိတ်ခေါ်

မဇ္ဈိမ

ထိုင်းတောင်ဖျားပိုင်းတွင် လူသေအလောင်း မြုပ်နှံထားမှုများစွာကို ရှာတွေ့ပြီးနောက်တွင် ဒေသတွင်း လူမှောင်ခိုမှုများ ဖြေရှင်းနိုင်ရန် အိမ်နီးချင်းနိုင်ငံ များ ဖြစ်သည့် မြန်မာနှင့် မလေးရှားနိုင်ငံတို့နှင့် သုံးရက်ကြာ စည်းဝေးလိုကြောင်းကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက တောင်းဆိုလိုက်သည်။

မလေးရှားနှင့် နယ်စပ် ဆွန်ခလာပြည်နယ်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရွှေ့ပြောင်းလာသူများ ဖြစ်နိုင်သည့် ရုပ်အလောင်းပေါင်း ၃၃ လောင်းကို ပြီးခဲ့ သည့် သီတင်းပတ်အတွင်းက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သံသယဖြစ်ဖွယ် မှောင်ခိုစခန်း သုံးခုကိုလည်း တွေ့ရှိခဲ့သည်။

"ကျွန်တော်ကနိုင်ငံခြားရေး ဝန်ကြီးဌာနကို အမိန့်ပေးထားပါတယ်။ ဒီလူမှောင်ခို ကိစ္စတွေကိုဖြေရှင်းဖို့အတွက် အစည်းအဝေးကျင်းပဖို့မြန်မာနဲ့ မလေးရှားနိုင်ငံ တို့ကို ဖိတ်ကြားဖို့ပါတယ်။ ယခု လကုန်လောက်မှာပဲ ဒီအစည်းအဝေး တွေ့ဆုံမှုကို ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်တို့ တွက်ထား ပါတယ်” ဟု ပရာယွတ်က သတင်းထောက်များကို ပြောခဲ့သည်။

မလေးရှား နိုင်ငံဘက်က တုံ့ပြန်ထင်မြင်ချက် လက်ငင်း မပေးနိုင်သေးကြောင်း ငြင်းဆိုထားပြီး မြန်မာတာဝန်ရှိသူများကလည်း ချက်ချင်းတုံ့ပြန်လာမှု မရှိသေးပေ။ လူမှောင်ခိုကွန်ရက်များနှင့် အချိတ်အဆက်ရှိသည့် ထိုင်းခုနစ်ဦးနှင့် မြန်မာတစ်ဦးတို့ကို ဖမ်းဆီးရမိထားကြောင်းလည်း တော်ဝင် ထိုင်းရဲဌာန ကပြောသည်။ ဒေသတွင်း မှောင်ခိုကွန်ယက်၏ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးကိုလည်း ဖမ်းမိထားကြောင်း ပြောသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်း မရှိပေ။

No comments: