Tuesday, May 5, 2015

ယခုနှစ် ကျောက်တော်တောင် ဘုရားပွဲ မစည်ကား

မာန်ယုကျော် (ရွှေဝမြေ)

ကျာက်တော်တွင်ကျင်းပလျက်ရှိသည့် ကျောက်တော်တောင်ဘုရားပွဲမှာ ယခုနှစ်တွင် စည်ကားမှုမရှိကြောင်း ဘုရားဂေါပကအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

သင်္ကြန်ပြီးနောက် ဒုတိယရေပေါ်သင်္ကြန်ဟု ဒေသခံများသတ်မှတ်ထားကြသည့် အဆိုပါပွဲကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပတတ်ကြပြီး ရပ်နီးရပ်ဝေးမှပြည်သူများကလည်း ပါဝင်ဆင်နွှဲတတ်ကြသော်လည်း ယခုနှစ်တွင် ပွဲသို့လာရောက်သူနည်းပါးကြောင်း သိရသည်။

“ဒီနှစ် ပွဲက မစည်ဘူးဗျ။ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ကျောက်တော်အထက်ဘက် ပီချောင်းဘက်က လူတွေလည်း ဒီကိုလာလို့မရဘူးလေ။ တားမြစ်ထားတယ်။ ကျောက်တော်အောက်ပိုင်းဘက်ကလူတွေလည်း တိုက်ပွဲကြောင့် ကြောက်စိတ်တွေဝင်ပြီး မလာကြဘူး”ဟု ကျောက်တော်တောင်ဘုရားဂေါပကအဖွဲ့မှ ဦးထွန်းလှဇံက နိရဉ္စရာသို့ ပြောသည်။

ပွဲတော်ကာလအတွင်း ရပ်နီးရပ်ဝေးမှ ပြည်သူများအနေဖြင့် ကျောက်တော်တောင်အောက်ခြေရှိ ကုလားတန်မြစ်ရေပြင်တွင် လှေလောင်း၊ သမ္ဗာန်၊ မော်တော်ဘုတ်စသည်များဖြင့် အချင်းချင်း ရေပက်၊ ရေကစားရင်း ပျော်ရွှင်စွာဆင်နွှဲတတ်ကြသော်လည်း ယခုနှစ်တွင် ရေကစားကြသူ အလွန်နည်းပါးကြောင်းလည်း အဆိုပါပွဲကိုဆင်နွှဲခဲ့သည့် ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးကပြောသည်။

“အရင်နှစ်တွေကထက် မစည်ဘူး။ ရေကစားသူတွေလည်း နည်းနည်းလေးပဲ။ ပျော်ဖို့လည်း သိပ်မကောင်းဘူး”ဟု ယင်းက ဆိုသည်။

ဧပြီလ ၂၇ ရက်မှစတင်ကာ မေလ ၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပနေသည့်အဆိုပါပွဲတော်ကာလအတွင်း ဒေသလုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ထားပြီး လုံခြုံရေးအတွက် စိုးရိမ်စရာမရှိကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ထုတ်ဖော်ပြောကြားထားသည်။

သမိုင်းမှတ်တမ်းများ၏အဆိုအရ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဓည၀တီ ရခိုင်ပြည်သို့ ကွရောက်တော်မှုခဲ့စဉ် သေလာဂီရိဟုအမည်ရသော အဆိုပါ ကျောက်တော်တောင်တွင် ရပ်နားတော်မူခဲ့သဖြင့် သမိုင်းအရ ထင်ရှားသော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

No comments: