မေစိုးစံ
ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု ပြဿနာများ ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ မတည်မှုဖြင့် ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီကို အကောင်ထည်ဖော်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် မေလ ၄ ရက်က ပြုလုပ်သည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ ဖွဲ့စည်းခြင်းနှင့် ရှယ်ယာရှင်များ လက်ခံခေါ်ယူခြင်း အခမ်းအနားတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
“ရန်ကုန်မြို့ရဲ့ တိုးပွားလာတဲ့ ယာဉ်တွေအတွက် ယာဉ်ကြောကျပ်တည်းနေတဲ့ အနေအထားကနေ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ဖို့ကို အချိန်ကာလ ၃ လ အတွင်းမှာ အကောင်အထည် ဖော်ဆောင်ရွက်ရမယ်လို့ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က ပြောကြားထားတယ်” ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။
ယခုစီမံကိန်းကို လာမည့် လေးလမှ ငါးလအတွင်း စတင်နိုင်မည် ဖြစ်ကြောင်း၊ ထိုကာလအတွင်း ကားရပ်မည့် နေရာ၊ အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်း၊ ကားတင်သွင်းခြင်းနှင့် အများပိုင် ကုမ္ပဏီဖွဲ့ခြင်း စသည့် အချက်များကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အကြံပေး ဒေါက်တာ မောင်အောင်က ရှင်းပြသည်။
“သုံးလ ဆိုတာကတော့ သမ္မတက ဟိုတုန်းက ပြောတာ။ အဆောက်အအုံ တည်ဆောက်ရေးပိုင်းတွေ ဖြစ်တဲ့ လမ်းပိုင်းတွေ ချဲ့လို့ရတာ ချဲ့တယ်၊ International Tender နဲ့ ကားပါကင် ဧရိယာတွေလည်း လုပ်နေတယ်။ တည်ဆောက်ရေးတွေက ချက်ခြင်းတော့ မရဘူး” ဟု ၎င်းက ဆက်ပြောသည်။
စီမံကိန်း အကောင်ထည်ဖော်ရာတွင် တိုင်းဒေသကြီး အစိုးရဘက်က ရှယ်ယာ ၄၀ ရာခိုင်နှုန်း ဖြစ်သည့် ကျပ် ၁၀ ဘီလီယံကို ကနဦး မတည်ပေးမည်ဖြစ်ပြီး၊ ကျန် ရှယ်ယာ ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ကျပ် ၁၅ ဘီလီယံကို အများပြည်သူ များအား ရှယ်ယာ ထည့်ဝင်ရန် ဖိတ်ခေါ်ကာ ရှယ်ယာ တခုလျှင် ကျပ်တသိန်းနှုန်းဖြင့် ရောင်းချပေးမည်ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
ရှယ်ယာခေါ်ယူခြင်းနှင့် ပတ်သက်ပြီး အမှတ် (၅၀) ယာဉ်လိုင်း ပိုင်ရှင်တဦး ဖြစ်သည့် ဦးဟန်စိုးက “ယာဉ်ပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ ရမယ်ဆိုရင် ရှယ်ယာရှင်တွေ ဝင်လာပါလိမ့်မယ်၊ ဒါမှမဟုတ်ဘဲ သူတို့ဘာသာ တည်ဆောက်ထားတဲ့ အပေါ်မှာ အကြံဉာဏ်လည်း ပေးလို့မရ၊ လုပ်ပိုင်ခွင့်လည်း မရှိဘူးဆိုရင် ယာဉ်ပိုင်ရှင်တွေက စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒီကိစ္စတွေကို ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ” ဟု ပြောသည်။
ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ ဖွဲ့စည်းပြီး အမြန်ဘတ်စ်ကားလိုင်းစနစ် (BRT) စနစ်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အဆင့် – ၁ အနေဖြင့် ပြည်လမ်း၊ ကမ္ဘာအေး လမ်းပိုင်းကို ပြေးဆွဲမည် ဖြစ်ကြောင်း၊ အဆင့် – ၂ အနေဖြင့် လှိုင်သာယာနှင့် အောင်မင်္ဂလာ အဝေးပြေး၊ ဒဂုံတက္ကသိုလ်မှ ပါရမီလမ်းပိုင်းကို ပြေးဆွဲမည်ဖြစ်ပြီး သီလ၀ါ စက်မှုဇုန်အထိ ပါဝင်သည့် အဆင့် – ၃ ကို ထိုလမ်းကြောင်းအတိုင်း အဆင့် ၃ ဆင့်ဖြင့် စုစုပေါင်း လမ်းအရှည် ၁၄၉ ဒသမ ၉၁ ကီလိုမီတာ ရှည်လျားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှူး ဦးတင်မောင်ကြည်က ရှင်းပြသည်။
ထိုစီမံကိန်းအရ ယာဉ်များကို ဘယ်မောင်း၊ မော်ဒယ်မြင့် အဲယားကွန်း ပါဝင်သည့် ကားများဖြင့် ပြည်လမ်းနှင့် ကမ္ဘာအေး လမ်းပိုင်းတွင် ယာဉ်အစီးရေ ၁၀၀ ဖြင့် စတင် ပြေးဆွဲမည်ဟုလည်း သိရသည်။
ယခုဖွဲ့စည်း တည်ထောင်မည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီတွင် လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားများကိုပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပါဝင်ပြေးဆွဲခွင့် ပြုမည့်အပြင် အများပိုင် ကုမ္ပဏီအဖြစ် သီးသန့် ထူထောင်လိုပါက ထူထောင်နိုင်ကြောင်း၊ မူလပြေးဆွဲနေသည့် ဘတ်စ်ကားလမ်းကြောင်းများကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ဒေါက်တာ မောင်အောင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က မတည်ဦးဆောင် ပြုလုပ်သည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ ထူထောင်ခြင်းနှင့် ရှယ်ယာ ခေါ်ယူခြင်း အခမ်းအနားသို့ မက်စ်၊ ထူး ထရေးဒင်း၊ ရွှေသံလွင်၊ ကမ္ဘောဇ၊ ဒဂုံ အင်တာနေရှင်နယ်၊ FMI ၊ ဆာကူရာ၊ ရွှေတောင် စသည့် ထိပ်တန်းကုမ္ပဏီများမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

No comments:
Post a Comment