Mizzima
ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၁၅ ခုနှစ် နှစ်ကုန်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲကို လွတ်လပ်မျှတမှုရှိရန် အစိုးရကို အပြည့်အဝ ထောက်ခံကူညီပေးသွားမည်ဟု ပါကစ္စတန် သမ္မတထံ ကတိပေး ပြောကြားလိုက်သည်။
ပါကစ္စတန် သမ္မတ H.E.Mr. Mamnoon Hussain နှင့် မြန်မာ ကာကွယ်ရေး ဦးစီးချုပ်တို့ မေလ ၇ ရက်က ပါကစ္စတန် သမ္မတ ရုံးတွင်တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
"လက်ရှိကာလတွင် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းနေသည့် ကာလဖြစ်ပြီး ပြည်သူများ ရွေးချယ်သည့် လမ်းကြောင်းဖြစ်သဖြင့် မိမိတို့ တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကိုလည်း လွတ်လပ်၍ မျှတမှုရှိစေရန်အတွက် အစိုးရအပေါ် အပြည့်အဝ ထောက်ခံကူညီပေးသွားမည်ဖြစ်ကြောင်း" ဟု တပ်မတော်ပိုင်မြဝတီသတင်းစာတွင် ဖေါ်ပြထားသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပါကစ္စတန် တပ်မတော်ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mahmood နှင့်လည်း တွေ့ဆုံခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရမည်ဖြစ်ကြောင်း ထပ်မံကတိပေးခဲ့သည်။ General Rashad Mahmood နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်ဟု မြဝတီ သတင်းစာက ရေးသားသည်။
"နိုင်ငံတော် အစိုးရမှ ဦးဆောင်အကောင်အထည်ဖေါ်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မှု အခြေအနေများ၊လောက်ကိုင်ဒေသတွင်း ကိုးကန့်သောင်းကျန်းသူများ၏ အချုပ်အခြာ အာဏာ ထိပါးမှုအား ဖြေရှင်းဆောင်ရွက်မှု အခြေအနေများနှစ်နိုင်ငံ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်စေလွှတ်ရေး သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်" ဟု မြဝတီက သတင်းတွင် ဖေါ်ပြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပါကစ္စတန် တပ်မတော်ကြည်းတပ်ဦးစီးချုပ်General Raheel Sharif နှင့်လည်း တွေ့ဆုံခဲ့သေးပြီး ပါကစ္စတန်နိုင်ငံ၏ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွေ့အကြုံနှင့် "မိမိတို့နိုင်ငံ၏ ပြည်တွင်းသောင်းကျန်းမှု အတွေ့အကြုံနှစ်ရပ် ပူးပေါင်းဖလှယ်နိုင်ပါက နှစ်နိုင်ငံအကျိုးများမည်" ဟု ဆွေးနွေးခဲ့သည်။
၂၀၁၅ ခုနှစ်သည် မြန်မာ၊ ပါကစ္စတန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် စစ်ဘက်ဆက်ဆံရေး ၆၃ နှစ်မြောက် နှစ်လည်းဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပါကစ္စတန်တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mahmood ၏ဖိတ်ကြားချက်ဖြင့် ပါကစ္စတန်နိုင်ငံသို့ မေလ ၆ ရက်က သွားရောက်ခဲ့ခြင်းဖြစ်သည်။
အလားတူပင် ဆားဗီးယားသမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E. Mr. Bratislav ၏ ဖိတ်ကြားချက်ဖြင့် ဆာဗီးယားနိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်များတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်တို့ လိုက်ပါသွားကြသည်။
No comments:
Post a Comment