ကျော်စိုးမိုး
ဧပြီ ၂၇ ရက်က ဒလမြို့နယ်တွင် လယ်မြေကိစ္စ အငြင်းပွားနေသဖြင့် မြို့နယ် မြေတိုင်းဦးစီးဌာနက လာရောက် တိုင်းတာသည်ကို မကျေနပ်သဖြင့် အုပ်စုဖွဲ့၍ တုတ်၊ ဓားများ ကိုင်ဆောင်ပြီး ထိုး၊ ခုတ် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ရိုက်နှက်မှုတွင် ပါဝင် သည့် ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ဒလမြို့နယ်၊ ခနောင်/ရှမ်းစုကျေးရွာအုပ်စု၊ ဓနိတောကျေးရွာတွင် နေထိုင်သည့် ဦးကျော်တင့် ပိုင် အငြင်းပွားနေသည့် လယ်မြေကို မြို့နယ်မြေစာရင်းဌာနက လာရောက်တိုင်းတာသည်ကို မကျေနပ်သဖြင့် တစ်ရွာတည်းနေ အသက် ၃၅ နှစ်အရွယ် ဦးအောင်ကျော်ညွန့် အပါအဝင် အမျိုးသား ၂၇ ဦးခန့်က တုတ်၊ ဓားများ ကိုင်ဆောင်ပြီး ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ခဲ့ကြသည်။
ထိုသို့ ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ခဲ့ကြသဖြင့် ဦးကျော်တင့်၏ မိခင်နှင့် ညီမဖြစ်သူတို့ ဒဏ်ရာများ ရရှိခဲ့ပြီး ညီဖြစ်သူအသက် ၂၇ နှစ်အရွယ် ကိုကျော်သူမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဦးအောင်ကျော်ညွန့် အပါအဝင် ၂၇ ဦးကို အရေးယူပေးပါရန် ဦးကျော်တင့်က တရားလိုပြု တိုင်တန်းပြီး ဒလမြို့နယ်၊ ပျော်ဘွယ်ကြီး နယ်မြေ ရဲစခန်းက (ပ) ၆၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၄၅၂/၃၂၅/ ၃၂၄/၃၃၆/၄၂၇/၂၉၄/၁၁၄ တို့ဖြင့် အမှုဖွင့်ပြီး ၂၇ ဦးလုံးကို စခန်းတွင် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment