သီဟကိုကို
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသည့် စင်ကာပူအခြေစိုက် ယူအိုဘီဘဏ် (United Over Sea Bank Group) က မြန်မာနိုင်ငံတွင် စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောက်မှု ကဏ္ဍများကို အဓိကထား ပံပိုးပေးသွားမည်ဟု အဆိုပါဘဏ်မှ တာဝန်ရှိသူများက ပြောကြားသည်။
စင်ကာပူအခြေစိုက်ဘဏ်လုပ်ငန်းအုပ်စုဖြစ်သည့် ယူအိုဘီဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ဘဏ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ရန်ကုန်မြို့တွင် ယူအိုဘီဘဏ်ခွဲကို မေလ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
ယူအိုဘီဘဏ် ရန်ကုန်ရုံးခွဲမှ တဆင့် အရှေ့တောင်အာရှ ဒေသအတွင်း စီးပွားရေးလုပ်ငန်းများကို ပိုမိုဖြန့်ကျက်လုပ်ကိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်မည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများကို ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ယူအိုဘီဘဏ်မန်နေဂျာ Harry Loh ကပြောသည်။
Harry Loh က "မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဆောင်လိုတဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကျွန်တော်တို့ကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးတွေ ရှိပြီးသားပါ။ မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ဖန်တီးပေးသွားနိုင်မှာပါ။ " ဟု ပြောသည်။
ယူအိုဘီ ဘဏ်၏ လေ့လာချက်အရ ၎င်းတို့ ပံ့ပိုးပေးမည့် ကဏ္ဍလေးခုသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုအရှိဆုံး နယ်ပယ်များ ဖြစ်သည်ဟု သုံးသပ်ထားသည်။
ဘဏ်အနေဖြင့် အသင်းအဖွဲ့များကို ချေးငွေထုတ်ပေးခြင်း၊ ကုန်သွယ်မှုနှင့် စီမံကိန်းဆိုင်ရာ ငွေကြေး ထောက်ပံ့ခြင်း၊ ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာများ ပံပိုးခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းဘဏ်များနှင့် လက်တွဲလုပ်ကိုင်သွားမည်ဖြစ်သည်။
နိုင်ငံတကာဘဏ်လုပ်ငန်းများ ပြည်တွင်း၌ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမို တိုးတက်လာနိုင်ပြီး ပြည်တွင်းဘဏ်များ ပိုမို ဖွံ့ဖြိုးရေးအတွက်လည်း နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်တွင်းဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။
McKinsey Global Institute က နောက်လာမည့် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု စင်ကာပူဒေါ်လာ သန်း ၆၅၀၀ ခန့် လိုအပ်မည်ဖြစ်ပြီး အဆိုပါပမာဏမှ သန်းပေါင်း ၃၂၀၀ ခန့်ကို အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရန် သုံးစွဲရန်မည်ဟု ခန့်မှန်းထားသည်။
No comments:
Post a Comment