စိုးသန်းလင်း
ဆိုင်ဖွင့်ခွင့် မရှိဘဲ ဖွင့်ထားသည်ဟု နေပြည်တော်စည်ပင် တရားရုံးတွင် နေပြည်တော် စည်ပင်ဈေးများ ဌာနက စည်ပင် ဥပဒေ ပုဒ်မ ၂၇ ဖြင့် တရားစွဲထားပြီး အမှုရင်ဆိုင်နေရသူ မြို့ မဈေးမှ ရွှေမိုး လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ဈေးများဌာနမှူးနှင့် မြို့ မဈေး တာဝန်ခံတို့ ကို တရားရုံးတွင် လိမ်လည်ထွက်ဆိုမှု၊ လက်မှတ်အတု ထိုးပြီး တရားလိုပြ သက်သေခံမှုတို့ ဖြင့် ပြန်လည် တရားစွဲနိုင်ရန် စီစဉ်နေသည်ဟု အဆိုပါ ဆိုင်ရှင် ဒေါ်ဌေးဌေးဦးက ပြောသည်။
“ဈေးများဌာနမှူး ဦးမင်းလွင်စိုးကကျွန်မကို ဆိုင်ခန်း ခုနစ်ခန်း ရောင်းတာကို ငါးခန်းတည်း ရောင်းတာပါလို့ လိမ်လည်ထွက်ဆိုတယ်။ အခု ပုဒ်မ ၂၇ နဲ့  ဒုတိယ အကြိမ် တရားစွဲခံရတော့ တရားမစွဲခင် နို့ တစ်စာ ပို့ထားပါတယ်လို့ မြို့ မဈေးတာဝန်ခံက ကျွန်မလက်မှတ်အတုနဲ့ တရားရုံးမှာ တရားလိုပြ သက်သေ အဖြစ် လိမ်လည် သက်သေခံတယ်။ သူတို့ ကို ကျွန်မ ပြန်တရားစွဲဖို့  စီစဉ်နေပါတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ဒေါ်ဌေးဌေးဦးသည် ယခုနေရာတွင် ဆိုင်ဖွင့်ခွင့်ရရေးအတွက် ဈေးများဌာနမှူးထံမှ ဆိုင်ခန်း ခုနစ်ခန်းတို့ကို အရစ်ကျဝယ်ယူရာ နေပြည်တော် စည်ပင်သာယာ ဘဏ်သို့ ငွေသွင်းခဲ့သည့် ဘဏ်ချလန်အထောက် အထားများရှိပြီး ၂၀၁၃ ဒီဇင်ဘာလမှ ၂၀၁၄ ဇွန်လလယ်အထိ နေ့စဉ် ဈေးကောက် အခွန် ကျပ် ၂,၅၀၀ပေး သွင်းခဲ့သော်လည်း ပထမအကြိမ် ပုဒ်မ ၂၆ ဖြင့် တရားစွဲခံရသည့်အခါ ထောင်ဒဏ် တစ်လ ကျခဲ့သူ ဖြစ်သည်။
“ထောင်ကလွတ်လာတော့ ပုဒ်မ ၂၇ နဲ့ ထပ်စွဲပြီး ဒဏ်ငွေ ရှစ်သိန်းခြောက်သောင်းကျပ် ရိုက်လို့ ဆောင်ရပါတယ်၊ ဒဏ်ငွေဆောင်ပြီး ပြေစာမှာ ကျတော့ ပုဒ်မ ၂၆ လို့ ဖော်ပြထားပါတယ်။ တကယ်စွဲခဲ့တုန်းက ၂၇ နဲ့ပါ” ဟုလည်း ၎င်းက ပြောသည်။
ထောင်တစ်လပြစ်ဒဏ်ကျပြီး ပုဒ်မ ၂၇ဖြင့် ထပ်စွဲကာငွေဒဏ် ချပြီးချိန်တွင်နိုင်ငံတော် သမ္မတထံ ဖြစ်စဉ်အားလုံးဖော်ပြကာ အသနားခံစာ တင်သွင်းခဲ့ကြောင်း၊ သမ္မတက အဆိုပါကိစ္စကို နေပြည်တော် ကောင်စီက ကွင်းဆင်းစိစစ်ပြီး ပြန်လည်တင်ပြရန် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံ စာပို့ အပြီးတွင် ယခုကဲ့သို့ ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ တတိယအကြိမ် တရားမစွဲခင် တရားရုံးက ပို့လာသည့် နို့တစ် စာမှာ ဒေါ်ဌေးဌေးဦး ထံသို့  ရောက်မလာခဲ့သော်လည်း ဒေါ်ဌေးဌေးဦး လက်မှတ်ဖြင့် တရားလိုပြသက်သေ မြို့ မဈေး တာဝန်ခံက လက်မှတ်အတုဖြင့် ပို့ထားပြီးကြောင်း လိမ်လည်ထွက်ဆိုခဲ့သည်ဟုလည်း သူက ပြောသည်။
ထို့ကြောင့် လိမ်လည်ထွက်ဆိုသူနှင့် လက်မှတ်အတုဖြင့် သက်သေခံသူတို့အား တရားစွဲဆိုနိုင်ရန် သင့်လျော်မည့် တရားရုံးကို ရွေးချယ်နေကြောင်းနှင့် သမ္မတ ထံသို့လည်း ဒုတိယအကြိမ် စာဖြင့် အသနားခံဦးမည်ဟု ပြောသည်။ ထိုအမှုကို မေလ ၁၂ ရက်နေ့သို့  နေပြည်တော် စည်ပင်တရားရုံးက ရွှေ့ဆိုင်းခဲ့ သည်။
No comments:
Post a Comment