ဖြိုး
ယခုနှစ် မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေသည် နေပြည်တော်တွင် မကြာမီကျင်းပမည့် ကျောက်မျက်ပြပွဲပေါ်တွင် မူတည်နေကြောင်း မန္တလေးမြို့က ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်နေကြသည်။
လာမည့် ဇွန်လကုန်ပိုင်းတွင် နေပြည်တော်၌ နိုင်ငံခြားငွေဖြင့် ရောင်းချမည့် ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်ဟု သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက ထုတ်ပြန်ကြေညာထားသည်။ မန္တလေးအိမ်ခြံမြေအရောင်းအ၀ယ် တကျော့ပြန်ကောင်းလာရန်အတွက် ကျောက်မျက်ပြပွဲမှ ရလာဒ်ကောင်းများအား ဆက်စပ်ကာ အကျိုးဆောင်များက မျှော်လင့်နေကြသည်။
ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က “ကျောက်မျက်ပြပွဲအပြီး ဇွန်လကုန်ပိုင်းလောက်မှ ဈေးကွက် သွက်မလာရင်တော့ ရွေးကောက်ပွဲပြီးမှ သွက်တော့မယ်ထင်တယ်၊ အိမ်ခြံမြေမှာ ရင်းနှီးမြှပ်နှံမဲ့သူက နိုင်ငံရေးအခြေအနေကိုလည်း စောင့်ကြည့်လိမ့်မယ်” ဟု ပြောသည်။
အိမ်ခြံမြေနှင့် ကျောက်မျက်ကဏ္ဍသည် အရောင်းအ၀ယ်ရော ရင်းနှီးမြုပ်နှံမှုမှာပါ ဆက်စပ်မှုရှိနေပြီး ကျောက်မျက်ပြပွဲအပြီး ကျောက်ဈေးကွက် ပြန်လည်ဦးမော့လာပါက အိမ်ခြံမြေလည်း အလားအလာ ပြန်ကောင်းလာမည်ဟု ဆိုသည်။
မန္တလေး အိမ်ခြံမြေ အရောင်းအ၀ယ် စတင် ကောင်းမွန်လေ့ရှိသည့် ဇွန်လ နီးလာသော်လည်း အရောင်းအ၀ယ်ရော ဈေးနှုန်းပါ ထင်သလောက် ကောင်းမွန်မလာသေးဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုကြသည်။
ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးတင်မောင်က “အိမ်ခြံမြေအခြေအနေကတော့ ရောင်းချင်သူများပြီး ၀ယ်လိုအားနည်းနေတယ်၊ ကျောက်မျက်ရော ကောက်ပဲသီးနှံပါ ထင်သလောက်ကြီး အရောင်းအ၀ယ် မဖြစ်ကြတဲ့အတွက် အိမ်ခြံမြေ အရောင်းအ၀ယ်အေးတာ၊ ပိုလျှံတဲ့ငွေကို အိမ်ခြံမြေမှာ ၀ယ်တာလေ၊ ထမင်းစားမယ့်ထဲက ၀ယ်လို့မှ မရတာ” ဟု ပြောသည်။
မန္တလေးတွင် အိမ်ခြံမြေ အရောင်းအ၀ယ် အေးနေရခြင်းသည် အိမ်ခြံမြေကဏ္ဍတွင် အဓိက ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံမှုပမာဏ သိသိသာသာ နည်းလာခြင်းနှင့် အဓိက ဆက်စပ်မှုရှိသည်ဟု အိမ်ခြံမြေရင်းနှီး မြှုပ်နှံသူများက ပြောသည်။
ယခုနှစ် ဧပြီလမှ စတင်ကာ အစိုးရက အိမ်ခြံမြေအရောင်းအ၀ယ်တွင် ပေးဆောင်ရမည့်အခွန်များအား လျှော့ချလိုက်သည့် အခွန်နှုန်းထား အသစ်ထွက်ရှိပြီးဖြစ်သည်။ အဆိုပါနှုန်းထားအသစ်ကြောင့် ယခင်ထက်စာလျှင် အိမ်ခြံမြေအရောင်းအ၀ယ်အပေါ် ကောင်းသောအကျိုးသက်ရောက်မှုများ ရှိလာမည်ဟု အကျိုးဆောင်များက မျှော်လင့်နေကြသော်လည်း ယခုအထိတော့ အရောင်းအ၀ယ် သိသိသာသာ ထူးခြားမှုမျိုး ရှိမလာသေးချေ။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က အိမ်ခြံမြေအရောင်းအ၀ယ်တွင် ၀ယ်ယူသူက ပေးဆောင်ရမည့် ငွေကျပ် ၁ သိန်းမှ သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ၁၀၀၁ သိန်းမှ သိန်း ၃၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ အထက်ဆိုပါက ၂၀ ရာခိုင်နှုန်း အခွန်သတ်မှတ်ကောက်ခံခဲ့သည်။ ယခု ၂၀၁၅ ခုနှစ်တွင်မူ ဧပြီလမှ စတင်ကာ ငွေကျပ် ၁ သိန်းမှ သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ၁၀၀၁ မှ သိန်း ၅၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ၅၀၀၁ မှ သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ၁၀၀၀၁ မှ သိန်း ၁၅၀၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၁၅၀၀၀ အထက် အခွန် ၂၀ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုပြောင်းလဲသတ်မှတ်လိုက်သည့် အခွန်နှုန်းထားသည် ယခင်ဘဏ္ဍာနှစ်က ကောက်ခံသည့်အခွန်၏ ထက်ဝက်ခန့် လျော့ကျလားခြင်း ဖြစ်သည်။
သို့ရာတွင် ယခုဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီး၏ အိမ်ခြံမြေ ရာဖြတ်တန်ဖိုးမှာ ယခုထိ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပဲ ရာဖြတ်နှုန်းထားများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်သည်ဟု မန္တလေးတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှုးရုံးမှ ညွှန်ကြားရေးမှုး ဦးသန်းဇော်ဝင်းက ရှင်းပြသည်။
မန္တလေးမြို့၏ အသည်းနှလုံးနေရာဟု တင်စားထားသည့် လမ်း ၈၀ မှ ၈၄ လမ်းနှင့် ၂၆ ဘီလမ်းမှ လမ်း ၃၀ ကြား၊ ၄င်းလမ်းမကြီးများ ဆုံရာနေရာများတွင် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် တစ်စတုရန်းပေလျှင် ငွေကျပ် သုံးသိန်းအထိ စည်းကြပ်နှုန်းထား သတ်မှတ်ထားသည်။
ယခုလပိုင်းအတွင်း ထွက်ရှိမည်ဟု အိမ်ခြံမြေအကျိုးဆောင် အများစု မှန်းထားကြသည့် မန္တလေးတိုင်း၏ အိမ်ခြံမြေ စည်းကြပ်နှုန်းထား (ရာဖြတ်တန်ဖိုး) သည် ယခင်နှုန်းထားထက် သက်သာလိမ့်မည်ဟု မျှော်လင့်နေကြသည်။
အိမ်ခြံမြေကဏ္ဍတွင် ၀ယ်ယူသူက ပေးဆောင်ရမည့်အခွန်နှုန်းထားများ လျှော့ချပေးပြီးဖြစ်ရာ စည်းကြပ်နှုန်း ထားသတ်မှတ်ချက်သည်လည်း လျော့နည်းသွားမည်ဆိုပါက မန္တလေးအိမ်ခြံမြေသည် အကောင်းဘက်သို့ ဦးတည်လာလိမ့်မည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ခန့်မှန်းနေကြသည်။
No comments:
Post a Comment